စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေ ရှင်းလင်းမှုကြောင့် နိုဝင်ဘာလမှာ အရပ်သား ၂၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကန့်ဘလူမြိုနယ်မှာ ဇီးကနား၊ လျော်ဖြူကုံး၊ ကိုးတောင်ဘို့၊ ကျောက်တိုင်၊ ပင့်သာနဲ့ ကျီစုရွာက ဒေသခံ ၂၅ ဦးနဲ့ ကျွန်းလှမြို့နယ်၊ တင်းတိန်ရံရွာက အသက် ၈၀ အရွယ် ဒေါ်ရွှင်တို့ သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့နယ်တက် ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇီးကနားရွာက အမျိုးသားတစ်ဦးနဲ့ လျော်ဖြူကုံးရွာက အမျိုးသား ၁၃ ဦးကို နိုဝင်ဘာလ ၃ ရက်မှာ စစ်ကောင်စီတပ်က PDF တွေလို့ စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် သုံးရက်အကြာမှာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပြင် ကန့်ဘလူမြို့နယ် ကျေးရွာ ၁၃ ရွာက နေအိမ် ၈၆၅ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရသလို ဘာသာရေးနဲ့ ပညာရေးအဆောက်အအုံ ရှစ်လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၆ ရက် မနေ့က ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အရပ်သား ၂,၅၆၅ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။