ဘီးလင်းမြို့နယ်က ဒေသခံသုံးဦး ဖမ်းဆီးခံထားရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှာ အဖမ်းခံထားရတဲ့ ဒေသခံ ကိုးဦးထဲက ခြောက်ဦး ပြန်လွတ်လာပေမယ့် ကျန်သုံးဦးက ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU ဗဟိုက စက်တင်ဘာလ ၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က ခမရ- ၄၀၁၊ ခမရ-၄၁၀ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ ဝင်းတာပန် စစ်ကောင်စီစခန်းကိုသွားတဲ့လမ်းမှာ အဖမ်းခံခဲ့ရတာလို့ အဲဒီဖြစ်စဉ်ကို သိရှိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

"ဖမ်းဆီးခံလိုက်ရတာ ဟုတ်ပါတယ်။ ခြောက်ယောက်ကတော့ ပြန်လွတ်လာတယ်။ သုံးယောက် ကျန်နေသေးတယ်။ စစ်ကောင်စီတပ်တွေက ဒီကရွာသားတွေကို ဖမ်းပြီး ခေါ်ခေါ်သွားကြတယ်။ တစ်ခါတလေလည်း ပြန်လွှတ်တယ်။ တစ်ခါတလေဖမ်းသွားရင် အကြာကြီးခေါ်သွားတာ။ အရှေ့ကနေ လမ်းပြလုပ်ခိုင်းတယ်။ ပြောရရင်တော့ အကာအကွယ်ယူတဲ့ သဘောပဲ"

ပြန်လွတ်လာသူ အရပ်သား ခြောက်ဦးဟာ ကားမဲနဲ့ တာပေါခီးကျေးရွာတွေကဖြစ်ပြီး လက်ရှိအချိန်အထိ အဖမ်းခံထားရတဲ့ အရပ်သား သုံးဦးကတော့ နော့ကတိုခီး၊ ကျောက်တောင်နဲ့ နို့တလာအောကျေးရွာတွေက ဖြစ်တယ်လို့ပြောပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီအရပ်သားသုံးဦးကို စက်တင်ဘာလ ၇ ရက် မနေ့ညနေ ၇ နာရီခန့်က ပိန္နဲတော စစ်ကောင်စီစခန်းကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။

သြဂုတ်လ ၃၀ ရက်နေ့က KNLA၊ KNDO အပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစု တွေနဲ့ လေးကေစခန်းကို တပ်ချိန်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။