ဒီပဲယင်း ဘုရားထွက်ရွာက အမျိုးသမီး ၂၀ ကျော်ဖမ်းဆီးခံရ၊ နေအိမ် ၃၀၀ ကျော်မီးလောင်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဘုရားထွက်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၆ ရက်မှာ စီးနင်းခဲ့ပြီး ဒေသခံအမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးခဲ့သလို နေအိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီ ခလရ-၃၆၇ ရဲ့ အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကြောင်းက မနေ့မနက် ၁၁ နာရီကျော်မှာ ဘုရားထွက်ရွာကို ဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အမျိုးသမီးတွေက ရွာအရှေ့ဘက်မှာရှိတဲ့ ဘုရားထဲ ဝင်ပုန်းနေကြတာပေါ့၊ စစ်ကြောင်းက ဝင်တာနဲ့ အဲဒီရွာဦးဘုရားထဲကို ဝင်ရှာတာနဲ့ တန်းတိုးပြီး အစုလိုက် အပြုံလိုက် ဖမ်းဆီးခံလိုက်ရတာပေါ့။ ဖမ်းဆီးခံရတဲ့ အထဲမှာ အသက် ၂၀ ကနေ ၅၀ ကျော်အရွယ်အထိပါတယ်"

ဒီဇင်ဘာလ ၂၇ ရက် ဒီကနေ့မနက်မှာ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပေမယ့် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့တာမရှိဘူးလို့ သူက ပြောပါတယ်။

နေအိမ် ၈၀၀ နီးပါးရှိတဲ့ ဘုရားထွက်ရွာမှာ လူဦးရေ သုံးထောင်နီးပါး နေထိုင်ပါတယ်။ လက်ရှိမှာ ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဒီကနေ့မနက် RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးတက်နေတဲ့အတွက် မဖြေဆိုနိုင်ဘူးလို့ ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၁,၅၆၁ ဦးဖမ်းဆီးခံထားရသလို နေအိမ် ၂၇,၄၉၆ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒီအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ၆၁၆,၅၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။