ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ နွယ်ညိုချောင်းကျေးရွာ ကမ်းစပ်အနီးမှာ စက်တင်ဘာ ၁၈ ရက် မနေ့ မနက်ပိုင်းက စက်လှေသမား ငါးဦးနဲ့အတူ ရိုဟင်ဂျာ ၃၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စက်လှေမောင်းသူ အမျိုးသား ငါးဦး ၊ အသက် ၁၈ နှစ်အောက် ကလေးတစ်ဦးအပါအဝင် ရိုဟင်ဂျာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်း ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နွယ်ညိုချောင်းဆိုတာ ပင်လယ်ကမ်းစပ်ရွာပေါ့၊ အဲရွာနားမှာ ဖမ်းမိတာ သူတို့က ရခိုင်ဘက်က လာကြတာ။ လှေနဲ့လာကြတာ။ လှေမောင်းတဲ့သူတွေက အခကြေး ငွေယူပြီး ပို့ဆောင်ပေးတာလို့လည်း သိရတယ်။ ဧရာဝတီဘက်ကို ဝင်လာတဲ့သူတွေ တော်တော်များများ အဖမ်းခံရတာများတယ်”
ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ သူတို့ကို ပုသိမ်ထောင်ကို ပို့လိုက်ပြီလို့လည်း အဲဒီဒေသခံက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် မောင်တောဒေသမှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အဲဒီဒေသမှာ နေထိုင် တဲ့ ရိုဟင်ဂျာတွေ ဧရာဝတီတိုင်းဘက်ကို ထွက်ခွာလာတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အခုအဖမ်းခံရသူတွေ ဘယ်မြို့ ဘယ်ဇာတိကလဲဆိုတာကို အတိအကျ စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။
အခုနှစ် စက်တင်ဘာလ ၄ ရက် မနက်ပိုင်းက ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့မှာ ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လက်ပံတန်းမြို့ခံတွေက ပြောပါတယ်။
အခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအနီးမှာ ရိုဟင်ဂျာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၂၄ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ကယက်ကြီးကျွန်းခေါ် ခတ္တာကျွန်းအနီး အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၈ ဦးကို ဘိုကလေးမြို့နယ်တရားရုံးက စက်တင်ဘာ ၇ ရက်နဲ့ ၉ ရက်နေ့တွေမှာ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ - ၆ (၃) နဲ့ ထောင်နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အပေါ် အခြေခံ ပြီး RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့အထိ ကုန်းလမ်း၊ ရေလမ်းတွေကတစ်ဆင့် ရခိုင်ပြည်နယ်ကို စွန့်ခွာ ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀၀ နီးပါး မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ဖမ်းဆီးခံခဲ့ရပါတယ်။