ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ပတ်သက်လို့ ဒေသခံတွေကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး စက်တင်ဘာလ ၂၁ ရက် မနေ့ညနေက မင်းပြား မြို့နယ် နရမ်းကျေးရွာက ရွာသားနှစ်ဦးနဲ့ ရမ်းဗြဲမြို့က လူငယ်နှစ်ဦးကို ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
နရမ်းကျေးရွာက ကိုအောင်ဇော်ဝင်းနဲ့ ကိုညီညီဝင်းတို့ကို မင်းပြားဖက်ကနေလာတဲ့ စစ်ကောင်စီစစ်ကြောင်း တစ်ခုက နရမ်းလမ်းဆုံမှာ ဖမ်းဆီးသွားခဲ့တာဖြစ်တာဖြစ်တယ်လို့ ဖမ်းဆီးခံလိုက်ရတဲ့ သူတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။
“သူတို့ ဆရာတပည့်နှစ်ယောက် ကားတစ်စီးနဲ့သွားနေတာ။ အဲဒီမှာ မင်းပြားဘက်ကနေ စစ်သား ၆၀ လောက် လာတယ်။ လမ်းမှာတွေ့တဲ့ သူတိုင်းကို စစ်ဆေးတယ်။ ဖုန်းတွေကို စစ်တယ်။ အဲဒီမှာ သူတို့ကို ဖမ်းသွားတာပေါ့။ အခု သူတို့ကို ဘယ်မှာ ထားလဲတော့ မသိဘူး။ မနေ့ ညနေပိုင်းကတော့ ကားနဲ့ စစ်သားတချို့ကတော့ ကျနော်တို့ ရွာဘုန်းကြီးကျောင်းမှာရှိတယ်”
ကျေးရွာသားနှစ်ဦး ဖမ်းဆီးခံရတာကြောင့် နရမ်းကျေးရွာက ဒေသခံနှစ်ရာလောက်ဟာ မနေ့ ညနေကတည်းက နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
အလားတူပဲ ရမ်းဗြဲမြို့မှာလည်း ကိုအောင်လင်းထွန်းနဲ့ ကိုသက်လင်းဇော်တို့ကို မနေ့ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သား တစ်ဆယ်ကျော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်က အရပ်ဘက်အဖွဲ့တွေမှာ တက်ကြွက်လှုပ်ရှားတဲ့ လူငယ်တွေကို ရှာဖွေရာမှာ မတွေ့တာကြောင့် လမ်းမှာတွေ့တဲ့ သူတို့နှစ်ယောက်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က မြို့ပေါ်မှာ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကိုလိုက်ရှာတယ်။ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ မပါဘူး။ စစ်သားတွေပဲ။ ဧည့်စာရင်းတွေ စစ်တယ်။ သူတို့ ရှာတဲ့သူတွေကို မတွေ့တော့ လမ်းမှာတွေ့တဲ့ သူတို့နှစ်ယောက်ကို ဖမ်းသွားတာ။ စစ်ဆေးပြီးရင် ပြန်လွှတ်မယ်လို့ ပြောတယ်။ အခုထိ ပြန်လွတ်မလာသေးဘူး”
ဖမ်းဆီးခံလိုက်ရတဲ့ သူတို့နှစ်ယောက်ကို အဆက်အသွယ်တွေလည်း မရသေးသလို မြို့ပေါ်က လူငယ်တချို့လည်း တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
အခုလို ဒေသခံတွေ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်းစတဲ့မြို့နယ်တွေမှာ ရခိုင်အမျိုးသား အဖွဲ့ချုပ်(ULA)/ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင် တချို့ကို ဖမ်းဆီးတာ၊ နေအိမ်တွေမှာ လိုက်လံရှာဖွေနေတာ၊ ပြည်သူတွေကို ULA/AA ဆိုပြီးတော့ ခေါင်းစဉ် တပ်ပြီး မတရား ဖမ်းဆီးနှိပ်စက်တာတွေကို အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်ကာလအတွင်းမှာတင် ULA/AA တပ်ဖွဲ့ဝင်တွေဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက မတရား ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ ၁၃ ဦးထက်မနည်း ရှိတယ်လို့လည်း AA ကပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဟာ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲစတဲ့မြို့နယ်တွေ အပါအဝင် တခြားမြို့နယ်အတချို့မှာ AA နဲ့ ဆက်စပ်တဲ့သူတွေကို နာမည်နဲ့တကွ လိုက်လံရှာဖွေတာတွေ၊ ကားလမ်းတွေမှာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက RFA ကိုပြောပါတယ်။