စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို အင်အား၈၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတာကြောင့် အရပ်သား ၅၀၀၀ နီးပါးထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၈ ရက်ကနေ အောက်တိုဘာ၂၂ ရက်အထိ ဝက်လက်မြို့နယ်မှာ နယ်မြေရှင်းလင်းမှုတွေလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
"ဒီတစ်ခေါက် စစ်ကြောင်းက တော်တော်ထိုးတာ။ ဒေသခံတွေလည်း တော်တော် သေပါတယ်။ မပြေးနိုင်၊ မသွားနိုင်တဲ့ အသက် ၈၀ ကျော်အရွယ်တွေပါမချန် သတ်ပစ် ခဲ့ကြတာ။ မနေ့ကတင်ပဲ သမန်းကျင်းရွာက ဦးအောင်ငွေ စစ်ကြောင်းနဲ့တိုးလို့ ပစ်သတ်ခံရတယ်"
စစ်ကောင်စီ စစ်ကြောင်းတွေကြောင့် ရွာသစ်ကုန်း၊ ထနောင်းကိုင်း၊ ငါးကြင်းအိုင်၊ ငါးပိအိုး၊ ကံကြီးထော၊ ဒွန်တဲကုန်း၊ မဲကုန်း၊ ကျီးကန်၊ ရေဖြူ၊ မှတ်ထိ၊ သမန်းကျင်း စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒီအပြင် နေအိမ် ၃၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဝက်လက်မြို့ အရှေ့ခြမ်းမှာ စစ်ကောင်စီရဲ့ တပ်မ-၃၃ လက်အောက်ခံတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်း အတွင်း အရပ်သား ၅၄၅,၂၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။