တန့်ဆည်မြို့နယ် ကဒိတ်ရွာမှာ နေအိမ် ၅၅ လုံးမီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကဒိတ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာကိုမီးရှို့တာကြောင့် နေအိမ် ၅၅ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၃ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့က ပထမကြိမ် မီးရှို့ခံရမှုမှာလည်း နေအိမ် ၁၉ လုံး မီးရှိုခဲ့ခံရတာကြောင့် အခုဒုတိယအကြိမ်နဲ့ဆိုရင် စုစုပေါင်း နေအိမ် ၇၄ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရှို့တာတော့ နှစ်ကြိမ်ရှို့ခံရတာ ဒီတစ်ကြိမ်ပိုများတယ်။ စစ်ကြောင်းထိုးလာလို့ ကြိုရှောင်နေကြတော့ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး”

ဧပြီလ ၂၂ ရက်နေ့ ပထမကြိမ်ဝင်ရောက်စီးနင်းတုန်းကတော့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီး ရုတ်တရက် ဝင်စီးနင်းတာကြောင့် ဒေသခံတချို့ ဓားစာခံအဖြစ် ဖမ်းခံရပြီး ပေါ်တာအဖြစ် အထုပ်အပိုးတွေ စစ်ကြောင်းတစ်လျှောက်သယ်ခိုင်းတာတွေ လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကဒိတ်ရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကြောင်းဟာ နိုဝင်ဘာလ ၂ ရက်နေ့ မနေ့ ညပိုင်းမှာ တွေးတီရွာကို ဝင်ရောက်စီးနင်း မွှေနှောက်ခဲ့ပြီး ဒီနေ့မနက်မှာတော့ တွေးတီရွာအနီးမှာ စခန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကြောင်းနဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၆ တို့ အောက်တိုဘာ ၂၄ ရက်နေ့က စိန်းနန်းရွာနားက မောင်နှမတောင်မှာ တိုက်ပွဲ နှစ်ကြိမ်၊ အောက်တိုဘာ ၃၀ မှာ ကဒိတ်ရွာနားက ငှက်ပစ်တောင်အနီးမှာ သုံးကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမျိုး မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်စစ်ကြောင်းတွေ အနေနဲ့ အရပ်သားတွေကို ထိခိုက်အောင်မလုပ်သလို နေအိမ်တွေကိုမီးရှို့တဲ့လုပ်ရပ်တွေ ကိုလည်း ဘယ်လိုနည်းနဲ့မှလုပ်ဆောင်စရာ အကြောင်းမရှိကြောင်း RFA ကို ယခင်က ပြောဆိုထားပါတယ်။

တန့်ဆည်မြို့နယ်ထဲမှာ စုစုပေါင်းအင်အား ၃၅၀ လောက်ရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် ကဒိတ်ရွာ အပါအဝင် တောဂျင်၊ ဝိုင်းကျို၊ မုံရွာတောင်၊ တွေးတီ၊ အင်းရွာ၊ စိန်းနန်း၊ ကောက်ကြီး အစရှိတဲ့ ရွာပေါင်း ၁၅ ရွာ လောက်က ဒေသခံ ၇၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက် ဒီနေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။