ပုဒ်မ ၅၉(စ) မပြင်ရေး ဆန္ဒပြပွဲကန့်ကွက်သူ နှစ်ဦး အမှုဖွင့်ခံရ

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေး လှုပ်ရှားသူတွေထဲက ဆရာတော် ဦးဝီရသူက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး မနေ့က ဟောပြောနေချိန်မှာ ဝင်ရောက် ကန့်ကွက်ခဲ့သူ နှစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီး ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီလိုကန့်ကွက်ခဲ့သူ နှစ်ဦးကို အမျိုးသားရေးလှုပ်ရှားသူတွေက ပြန်လည်ရန်ပြုတာတွေရှိခဲ့ကြောင်း မနေ့က ဆန္ဒပြပွဲမှာ သတင်းယူခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။

အမျိုးသားရေး လှုပ်ရှားသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့နဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်ကနေ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ မြို့တော်ခန်းမရှေ့မှာတော့ ဆန္ဒပြရတဲ့ အကြောင်းတွေကို ဦးဆောင်သူတွေက ဟောပြောရာမှာ အဲ့ဒီဆန္ဒပြပွဲကို လာရောက်ကြည့်ရှုသူ နှစ်ဦးက လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ပုဒ်မ ၅၉ (စ) ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရသူ နှစ်ဦးဟာ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်မယ်ဆိုရင် ထောင်ဒဏ် သုံးနှစ်နဲ့ ဒဏ်ငွေတွေ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။