အလုပ်သမားတွေ၊ လယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ်သားတွေအားလုံး ရသင့်တဲ့ အခွင့်အရေးတွေ အတွက် စည်းစည်းလုံးလုံး နဲ့ ရပ်တည်တိုက်ပွဲဝင်ကြဖို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (Myanmar Labor Alliance - MLA) က ၁၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေးနေ့) မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်အုပ်ချုပ်မှုအောက်မှာ အလုပ်သမားတွေ ဝင်ငွေကျဆင်းလာတာ၊ နေထိုင်စရိတ်မြင့်တက်တာနဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာတာတွေကို ရင်ဆိုင်နေရတယ်လို့ MLA ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ပြီး အနာဂတ်မျိုးဆက်တွေအတွက် တန်းတူညီမျှမှုနဲ့ အာမခံချက်ရှိတဲ့ အခွင့်အရေးတွေရဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ လုပ်ငန်းခွင်မလုံခြုံမှုနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေအပါအဝင် လုပ်ခလစာအနည်းဆုံးရတဲ့ နိုင်ငံဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ILO ရဲ့ အုပ်ချုပ်မှုအဖွဲ့ဝင်လည်းဖြစ်တဲ့ မဖြိုးစန္ဒာစိုး RFA ကိုပြောပါတယ်။
“အခုမြန်မာအလုပ်သမားတစ်ဦးရဲ့ဝင်ငွေက သုံးဒေါ်လာ ပျှမ်းမျှရှိတယ်ပေါ့နော်၊ လုပ်အားခက နိုင်ငံတကာနဲ့ယှဉ်ရတာမဟုတ်ဘဲနဲ့ နိုင်ငံတစ်ခုချင်းစီရဲ့ နေထိုင်မှုကုန်ကျစရိတ်ပေါ်မှာ တွက်ချက်ပြီးတော့ သွားရတာဖြစ်ပါတယ်။ အဲဒီတော့မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်တန်း၊ မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေ၊ ပြန်ကြည့်မယ်ဆိုရင်တော့ အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံးဖြစ်သွားပြီ မြန်မာက အောက်ဆုံးကိုပြန်ရောက်သွားတယ်ပေါ့နော်။ အရင်တုန်းကတော့ ကမ္ဘောဒီးယားနဲ့မြန်မာနဲ့ လာအိုသုံးနိုင်ငံက သူမသာ၊ ကိုယ်မသာအခြေအနေပေါ့၊ အခု မြန်မာက ကမ္ဘောဒီးယားထက်ကို ဆိုးသွားတဲ့အနေအထားမျိုးဖြစ်သွားတယ်”
ဒီအခြေအနေတွေကြောင့် မိသားစုဝင်ငွေမလောက်လို့ အသက်မပြည့်တဲ့ကလေးတွေ စာသင်ခန်းတွေကို စွန့်ခွာပြီး လုပ်ငန်းခွင်ထဲ ရောက်နေကြရတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်တွေကို ကန့်သတ်တာ၊ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေကို ဖိနှိပ်တာတွေကြောင့်လည်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပိုပြီး ချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။
ကလေးအလုပ်သမားတွေ စံနှုန်းမြင့် တိုးပွားလာတာ၊ အဓမ္မစစ်မှုထမ်းခိုင်းတာတွေကြောင့် လူကုန်ကူးခံရတာတွေ၊ မျိုးဆက်တစ်ခုလုံးရဲ့ ကျန်းမာရေး၊ ပညာရေးအန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) ဟာ ၂၀၁၉ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ အလုပ်သမားမဟာမိတ် အဖွဲ့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) အပါအဝင် မြန်မာနိုင်ငံ မီးရထားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MRWUF)၊ မြန်မာနိုင်ငံ သတ္တုတွင်း အလုပ်သမားများအဖွဲ့ချုပ် (MWFM)၊ မြန်မာနိုင်ငံ စားသောက်ကုန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FWFM)၊ မြန်မာနိုင်ငံ စွမ်းအင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (EUFM)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM)၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)အပြင် တခြား အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတပ်ပေါင်းစုတစ်ခုဖြစ်ပါတယ်။
