ထိုင်းမြန်မာချစ်ကြည်ရေး တံတား အမှတ် ၂ ပြန်ဖွင့်

အရေးပါတဲ့ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်မယ်လို့ နှစ်နိုင်ငံ မျှော်လင့်ထား။

သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ နဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့အကြား ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ဧပြီ ၂၈ ရက်နေ့က ပြန်လည်ဖွင့်လှစ် လိုက်တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

ဒီတံတားဟာ ၂၀၂၅ သြဂုတ်လမှာ မြန်မာဘက်ခြမ်းနယ်စပ်မှာ အပြောင်းအလဲတွေပြုလုပ်ချိန်မှာ ပိတ်ထားခဲ့တာဖြစ်ပြီး ပြန်လည်ဖွင့်လိုက်တဲ့အတွက် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုပြန်လည် အသက်ဝင်လာမယ်လို့ နှစ်ဘက် အာဏာပိုင်တွေက မျှော်လင့်ထားကြပါတယ်။

ဒီတံတားကို ပိတ်ထားခဲ့ပေမယ့် အိမ်စီးနဲ့လူစီးယာဥ်တွေ ဖြတ်သန်းတာကို ခွင့်ပြုထားပြီး ကုန်တင်ကားတွေကိုတော့ သွားလာခွင့်ရပ်ထားခဲ့တာလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

တာ့ခ်ခရိုင်ခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌက ဒီလိုပြန်ဖွင့်လိုက်တဲ့အတွက် လပေါင်းများစွာ ရပ်တန့်နေခဲ့တဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ခရီးသွားနဲ့တခြား ဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်လာနိုင်ံမယ်လို့ ပြောပါတယ်။

ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ် ၂ ဟာ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ချိတ်ဆက်ထားတဲ့ အရှေ့အနောက် စီးပွားရေးလမ်းမပေါ်မှာ တည်ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ဘက်ခြမ်း နယ်စပ်နဲ့ ကီလိုမီတာ ၅၀ အတွင်းပိုင်း ဒေသတွေမှာတော့ စစ်အုပ်ချုပ်ရေးနယ် ကျရောက်နေပါတယ်။

ဘန်ကောက်ပို့စ်သတင်းမှာ တံတားအမှတ် ၂ ပြန်ဖွင့်တယ်လို့ ရေးးသားထားပေမယ့် ဒေသခံတွေ ကတော့ တံတားဟာ အခုအချိန်အထိ ပိတ်ထားဆဲလို့ ထိုင်းမြန်မာနယ်စပ်မှာနေတဲ့ ဒေသခံတွေကို ကိုးကားပြီး DVB သတင်းက ရေးသားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ထိုင်းမြန်မာချစ်ကြည်ရေးတံတားကို ၂၀၂၄ ခုနှစ်ကလည်း ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ အတွက် ရက်အတန်ကြာ ပိတ်ထားခဲ့ရဖူးပါတယ်။