သမ္မတတာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၆ဝ ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က အပြင်းအထန်ရှုတ်ချလိုက်ပါတယ်။
ဒီအထဲမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ တိုင်းနဲ့ ပြည်နယ် ၉ခုက မြို့နယ်တွေပါဝင်ပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာတွေဖြစ်တယ်လို့ APHR ရဲ့ ဧပြီ ၃ဝ ရက်နေ့ထုတ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သမ္မတရုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့ ပူးတွဲထုတ်ပြန်ချက်အရ အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာအားလုံးကို အသစ်ခန့်အပ်လိုက်တဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်မှာ ဖြစ်ပြီး ပြစ်မှုအချို့ကို စစ်ခုံရုံးနဲ့ စစ်ဆေးသွားမှာဖြစ်ပါတယ်။
APHR ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှားအောက်လွှတ်တော်အမတ် Mercy Chriesty Barends က “ဒါဟာ အင်မတန်တင်းမာလာတဲ့အခြေအနေဖြစ်တယ်။ စစ်အစိုးရက ဆွေးနွေးညှိနှိုင်းဖို့ ပြောနေပေမဲ့လည်း တစ်ဖက်မှာ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးတာကို တိုးမြှင့်လာပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုအန္တရာယ် ပိုတိုးလာစေတယ်။ ဒါဟာ အရပ်သားအစိုးရ အမည်ခံပြီး စစ်တပ်က အာဏာချုပ်ကိုင်မှုဖြစ်တယ်” လို့ ကြေညာချက်မှာ ဝေဖန်ထားပါတယ်။
စစ်ခုံရုံးနဲ့ စစ်မယ့်အမှုတွေထဲမှာ နိုင်ငံတော်သစ္စာဖောက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှု၊ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှုကို နှောင့်နှေးအောင်ပြုလုပ်မှုနဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ပါဝင်ပါတယ်။
ဒါ့အပြင် မမှန်သတင်း ဖြန့်ဝေမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မတရားအသင်းဆိုင်ရာ ပြစ်မှုတွေ၊ လက်နက် ဆိုင်ရာ ပြစ်မှုတွေ၊ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုတွေ အပါအဝင် အခြားဥပဒေအရ ပြစ်မှုအများစုကိုလည်း စစ်ခုံရုံးနဲ့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
စစ်ခုံရုံးက ပြစ်မှုထင်ရှားတယ်လို့ သတ်မှတ်ရင် သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ် အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ ဆိုထားပေမယ့် သေဒဏ်ချမှတ်မယ်ဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အတည်ပြုချက် လိုအပ်ပြီး၊ ထောင်ဒဏ်ချမှတ်မှုတွေကတော့ သက်ဆိုင်ရာ တိုင်းမှူးရဲ့ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်ပါတယ်။
APHR ဘုတ်အဖွဲ့ဝင် Wong Chen က “ပြည်သူသန်းပေါင်းများစွာကို စစ်အုပ်ချုပ်ရေးအောက် သွတ်သွင်းတာဟာ လူ့အခွင့်အရေးချိုးဖောက်ပြီး စစ်တပ်က အာဏာကို ချုပ်ကိုင်တာပဲ။ လွတ်လပ်တဲ့တရားစီရင်ရေးမရှိ၊ အယူခံပိုင်ခွင့်မရှိ၊ အရပ်သားကြီးကြပ်မှုမရှိတာဟာ တရားဥပဒေစိုးမိုးရေးပြိုလဲတာပဲ” လို့ ပြောပါတယ်။
APHR က မြန်မာပြည်အခြေအနေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်တွေ့ကျတဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ တောင်းဆိုထားပြီး၊ စစ်အစိုးရနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်တာအပြင် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အခြေအနေအောက်မှာ ပေါ်ပေါက်လာတဲ့ ဘယ်အစိုးရကိုမှ အသိအမှတ်မပြုဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အခုနှစ် အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အစိုးရက မြို့နယ်ပေါင်း ၆ဝ မှာ စစ်အုပ်ချုပ်ရေးကျင့်သုံးပြီး အရပ်သားတွေအပေါ် သေဒဏ်အထိချမှတ်နိုင်တဲ့ စစ်ခုံရုံးတွေ ဖွဲ့စည်းခွင့်ပြုတာကို ပြင်းထန်စွာ ရှုတ်ချဖို့၊ စစ်အုပ်ချုပ်ရေးအောက်မှာ ဆောင်ရွက်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုဖို့၊ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ပြောင်းလဲမှု မရှိမချင်း စစ်တပ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေ ရပ်ဆိုင်းဖို့၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ စတဲ့ အချက်တွေကို တိုက်တွန်းထားပါတယ်။
