နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ကြောင်း၊ သူ့အခြေအနေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ပြောင်းလဲသမျှကို တရုတ် နိုင်ငံက စဥ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ လင်ကျန်း (Lin Jian) က ဧပြီ ၃၀ ရက်နေ့က ပြောလိုက်ပါတယ်။
နေ့စဥ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းကို ရွေးခြယ်တာကို တရုတ်က ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ကျယ်ပြန့်ပြီး ရေရှည် ခိုင်မာ တည်တံ့မယ့် ငြိမ်းချမ်းရေးရဖိို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းလူပုဂ္ဂိလ် အားလုံးကို အသင့်အားပေးထောက်ခံ ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
တရုတ်အစိုးရပြောခွင့်ရသူက အခုလို ပြောကြားချိန်မှာပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ သီးသန့် နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကျခံဖို့ စစ်တပ်ခန့်အစိုးရက ကြေညာခဲ့ပါတယ်။
လူသားချင်းစာနာထောာက်ထားမှုကိုအလေးထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ပြောင်းရွှေ့ပေးတာလို့ဆိုပါတယ်။ သတ်မှတ်ထားတဲ့နေအိမ်လို့ ဆိုပေမဲ့ ဘယ်မြို့က ဘယ်နေအိမ်ကို ပြောင်းရွေ့ အကျဥ်းချထားသလဲဆိုတာ အတိအကျကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းနဲ့ သူ့အတွက် ကောင်းမွန်တဲ့အရာ တွေ စဉ်းစားနေကြောင်း စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) နဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။
အာဏာသိမ်းကာလ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ အာဏာပိုင်တွေက ခွင့်ပြုခဲ့တာ မရှိပါဘူး။
ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သားဖြစ်သူ ကင်မ်အဲရစ် အပါအဝင် အရပ်ဘက်အဖွဲ့တွေက ဧပြီလတတိယပတ်ကစလို့ ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်နေပါတယ်။
