ကန့်ဘလူမှာ နှစ်ရက်အတွင်း အိမ် ၆၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ နှစ်ရက်အတွင်း ရွာနှစ်ရွာက အိမ် ၆၄ လုံး မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ဆူးတပ်ရွာကို စစ်ကောင်စီတပ်ဝင်ရောက်ပြီးနောက် နေအိမ် ၆၀ လောက် မီးရှို့ခံခဲ့ရပြီး နောက်တစ်ရက်မှာတော့ လွှဲဆိပ်ရွာက အိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"ဇီးကုန်း သကြားစက်မှာ ထိုင်နေတဲ့ စစ်ကြောင်းက တစ်ကြောင်း၊ လွှဲဆိပ်ကိုဝင်တာက ဂါးတာကျေးရွာဘက်က လာတာက စစ်ကြောင်းတစ်ကြောင်းပါ။ စစ်ကြောင်းတွေက ကန့်ဘလူမြို့နယ်ထဲမှာ ပြန့်နေတာလေ။ လွှဲဆိပ်ဝင်တဲ့ စစ်ကြောင်းက ၁၀၀ ကျော်လောက်လို့ လောလောဆယ်တော့ သိထားတယ်"

ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဆူးတပ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မနက် ၁၀ နာရီခွဲမှာ မီးစတင်ရှို့ခဲ့တာလို့ သူက ဆိုပါတယ်။

စစ်ကြောင်းက ဆူးတပ်ရွာနဲ့ ဖုတ်ကုန်းရွာက ဒေသခံ ခုနစ်ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆူးတပ်ရွာကို ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေက ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်တဲ့ ရွာတွေနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကလည်း လုံခြုံရေးကိစ္စတွေကို ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို ဖြေဆိုဖူးပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာအထိ အာဏာသိမ်း ၂၂ လအတွင်း အရပ်သား ၈၁ ဦး သေဆုံးခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။