အုတ်တွင်းမြို့မှာ ခုနစ်တန်းကျောင်းသူတစ်ဦး ကိုဗစ် - ၁၉ ကြောင့် သေဆုံး

မူးလဲသွားသည့် ကျောင်းသူကို ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ်
မူးလဲသွားသည့် ကျောင်းသူကို ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ရင်ခုန်သံရှင်ရေးကူညီမှုအသင်း)

ပဲခူးတိုင်းအရှေ့ခြမ်း၊ အုတ်တွင်းမြို့နယ်က ခုနစ်တန်းကျောင်းသူတစ်ဦး စက်တင်ဘာလ ၆ ရက် မနေ့မနက်ပိုင်းက ကိုဗစ် -19 ကြောင့် သေဆုံးခဲ့တယ်လို့ ရင်ခုန်သံရှင်ရေး ကူညီမှု အသင်း (အုတ်တွင်းမြို့)က RFA ကို ပြောပါတယ်။

အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း (၂) ရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းသူ မခင်အိဖြူဟာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း အ.ထ.က(အုတ်တွင်းမြို့) ကျောင်းမှာ မူးလဲသွားတာကြောင့် အုတ်တွင်းမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့တာလို့ ‌ဆိုပါတယ်။

အဲဒီကနေ တောင်ငူမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် မသက်သာတာကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ထပ်မံလွှဲပြောင်းပြီး ဆေးကုသမှုခံယူနေချိန် စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ရင်ခုန်သံရှင်ရေးကူညီမှု အသင်း (အုတ်တွင်းမြို့) ရဲ့ ဦးဆောင်ဆရာတော် ဦးတေဇသီရိက RFA ကို မိန့်ပါတယ်။

“ဦးပဉ္စင်းတို့ကလည်း သတင်းကြားကြားချင်း မယုံသေးဘူး။ သတင်းသေချာအောင် အုပ်ချုပ်ရေးမှူးကို မေးလိုက်တော့မှ ကလေးမလေးက မနေ့ကမနက် ၆ နာရီက ဆုံးသွားတာလို သိလိုက်ရတာ။ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံက လူနာရောက် တာနဲ့ ကိုဗစ်စစ်ဆေးလေ့ရှိတယ်။ အဲမှာ ပိုးတွေ့တာသေချာလို့ နေပြည်တော်မှာတင် နေ့ချင်းသင်္ဂြိုဟ်လိုက်ရတယ်”

ပြန်ရောက်လာတဲ့ မိသားစုတွေကိုလည်း ကိုဗစ် - ၁၉ ကူးစက်မှုရှိ၊ မရှိ စစ်ဆေးခဲ့ပေမယ့် ကူးစက်မှုမရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးခဲ့ပေမယ့် မြို့နယ်ကျန်းမာရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်တာ မရှိသေးတာကြောင့် အုတ်တွင်းမြို့ ဒေသခံတွေအနေနဲ့ စိုးရိမ်နေရတယ်လို့လည်း ဒေသခံ‌တွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ အ.ထ.က (အုတ်တွင်းမြို့) ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား တွေနဲ့ ဆရာ၊ ဆရာမတွေကို ကိုဗစ်ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးနေပြီး တချို့မှာ ကိုဗစ်ကူး စက်ခံထားရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၄၃၂) ခုကို စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုလူနာသစ် (၁၄၆) ဦး တွေ့ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း (၁၉,၄၄၂) ဦး ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။