၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်၊ မခက်ခက်အောင်နဲ့ သူ့ရဲ့သား ကိုမြတ်သူတို့ကို ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီချလိုက်ပါတယ်။
သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀ (ည) အတွက် ၁၀ နှစ်၊ ၅၁ (ဂ) အတွက် ၅ နှစ် စုစုပေါင်း ၁၅ နှစ်ချလိုက်တာလို့ မနုနုအောင်ရဲ့ မိသားစုဝင်တစ်ယောက်က RFA ကိုပြောပါတယ်။
မနုနုအောင်ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲအစည်းရဲ့ တောင်သူလယ်သမားရေးရာဌာန တာဝန်ခံဖြစ်ပြီး မခက်ခက်အောင်ကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနက ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်ပြည်နယ်မှာ သူတို့တိမ်းရှောင်နေရင်း ကျန်းမာရေး မကောင်းကြတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်မှာ ဘားအံမြို့ကိုသွားပြီး ဆေးခန်းပြရင်း အဖမ်းခံလိုက်ရတာပါ။ အဲဒီအချိန်က မနုနုအောင်ရဲ့မိသားစုဝင်တွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးမှ ပြန်လွှတ်ခဲ့ပါတယ်။
မနုနုအောင်တို့ သုံးယောက်ကိုတော့ မော်လမြိုင်ကိုပို့ပြီး စစ်ကြောရေးလုပ်ပြီးမှ ကျိုက်မရော ထောင်ကို ပို့ထားတာဖြစ်ပါတယ်။ အခုတော့ ကျိုက်မရောထောင်တွင်းတရားရုံးကနေ အမိန့်ချလိုက်တာဖြစ်ပါတယ်။