(၈၈) မျိုးဆက်က ကိုဇော်ဇော်မင်း၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဉာဏ်လင်းတို့ အပါအဝင် (၄) ဦးနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦး၊ ကိုဇော်ရဲအောင်တို့အပါအဝင် (၁၃) ဦး စုစုပေါင်း (၁၇) ဦး သာသနာ့ဘောင်ဝင်ရောက်တဲ့ အလှူကို မနေ့က ညနေ (၅) နာရီက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီရဟန်းခံပွဲကို ရွှေညဝါဆရာတော် ဦးပညာသီဟ အပါအဝင် ဆရာတော်ကြီးတွေက ဦးဆောင် ပြုလုပ်ပေးခဲ့တာဖြစ်ပြီး သူတို့အခုလို ရဟန်းခံ အလှူပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်း (ခေါ်) ရဟန်းဘွဲ့ အရှင်ဇဝနက အခုလိုမိန့်ပါတယ်။
“ရည်ရွယ်ချက်ကတော့ အကျဉ်းထောင်တွေ အသီးသီးမှာ ကျနေတဲ့အခါမှာတုန်းက မိသားစုတွေပေါ့နော်၊ မိဘတွေ နောက်ဇနီးသည်တွေ ညီအကို မောင်နှမတွေ သူတို့က အရမ်းကိုပင်ပန်းခဲ့တယ်။ နောက် ကိုယ်အပြင်ထွက်လာတဲ့အခါ သူတို့ကို ကိုယ့်ဘက်က ဘာမှလုပ်မပေးနိုင်သေးဘူး။ စီးပွားရေးအရလည်း ဘာမှ ရှာမပေးနိုင်သေးဘူး။ လောလောဆယ် သူတို့ကို လုပ်ပေးနိုင်တာ ဘာသာရေးအရ ကုသိုလ်တစ်ခုပဲရှိတယ်။ အဲဒီကုသိုလ်လေးကို သူတို့တွေ ဝိုင်းပြီးတော့ စုပေါင်းလုပ်တာကို ကိုယ်က ရဟန်းခံပေးပြီးတော့ တရားလေးထိုင်ပေးရုံနဲ့ ကောင်းမှုကုသိုလ် လုပ်ပေးခြင်းအားဖြင့် သူတို့ရဲ့ မေတ္တာစေတနာတွေကို ပြန်ပြီး ဘာသာရေးနဲ့ တုံ့ပြန်ပေးပြီးတော့ ပြန်ပြီးတော့ စေတနာ ပြန်ဖြည့်ပေးတာပေါ့နော်”
ဒီရဟန်းခံပွဲရဲ့ ဒကာ၊ ဒကာမတွေကတော့ မိဘဆွေမျိုး မောင်နှမတွေပဲ ဖြစ်ကြပြီး သံဃာတော်များကတော့ အနည်းဆုံးတစ်ပတ် ရဟန်းခံခြင်းအားဖြင့် ကုသိုလ်ယူမယ်လို့ သိရပါတယ်။
ဒီကနေ့မနက် သိမ်ဆင်းပွဲကိုတော့ NLD နာယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့အတူ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုများ အပါအဝင် လူဦးရေ (၃၀၀) ခန့် လာရောက်ခဲ့ပြီး ရွှေညဝါ ဆရာတော်ဘုရားကြီးထံကလည်း တရားနာယူကြတယ်လို့ သိရပါတယ်။