ပုဏ္ဏားကျွန်း စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရ၊ အနည်းဆုံး ခြောက်ဦးသေဆုံး

စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာကို တိုက်ခိုက်တာဟာ လက်ခံနိုင်စရာမရှိဟုဆို။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဗျာလ စစ်ဘေးဒုက္ခသည်စခန်းကို စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် အနည်းဆုံး ခြောက်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာကို တိုက်ခိုက်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။

“ယိုးငူရွာနဲ့ သရက်ချိုရွာကြားမှာရှိတဲ့ စစ်ဘေးရှောင်တွေ ခိုလှုံကြတဲ့နေရာ၊ အဲဒီ ဗျာလစစ်ရှောင်စခန်းကို လာပစ်သွားတာရှိတယ်။ ဒီဟာကို စစ်ရာဇဝတ်မှုအရပဲ ကြည့်ကြည့်၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးအရပဲ ကြည့်ကြည့်၊ ဒါက လုံးဝ မလုပ်ရတဲ့နေရာ ဖြစ်တယ်ဗျ”

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ထပ်တိုးလာနိုင်သေးတယ်လို့လည်း သူက ဆိုပါတယ်။

လတ်တလောမှာတော့ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ပုဏ္ဏားကျွန်း စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရ၊ အနည်းဆုံး ခြောက်ဦးသေဆုံး
ပုဏ္ဏားကျွန်း စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရ၊ အနည်းဆုံး ခြောက်ဦးသေဆုံး ပုဏ္ဏားကျွန်းမြို့နယ် ဗျာလစစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (AA Info Desk)

ပုဏ္ဏားကျွန်းမြို့ရဲ့ မြောက်ဘက်၊ ယိုးငူနဲ့ သရက်ချိုရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးမှာရှိတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းကို ညနေ ၅ နာရီလောက်မှာ ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့ ညဦးပိုင်းအထိ သေဆုံးသူ ခြောက်ဦးရှိကြောင်းနဲ့ ဒုက္ခသည်စခန်းတွင်းက နေအိမ်နဲ့ ဈေးဆိုင်အတော်များများ မီးလောင် ပျက်စီးသွားတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း ရသေ့တောင်မြို့ပေါ်နဲ့ အနီးဝန်းကျင်က ရွာတချို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးနဲ့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူ ၅၀ ဦး သေဆုံးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက် ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုအပြီး ကျောက်တော်မြို့နယ်အပါအဝင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တွေမှာ စစ်တပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့်လည်း အောက်တိုဘာလ ၄ ရက်နေ့အထိ အရပ်သား ကိုးဦး သေဆုံးပြီး ၃၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။