မလေးရှားက ပြန်ပို့ခံရတဲ့ မြန်မာတွေကို UID အတွက် ကိုယ်ရေးနဲ့ ဇီဝအချက်အလက် စုဆောင်း

ပြန်ရောက်လာသူတွေဟာ လာကြိုတဲ့ မိသားစုဝင်တွေနဲ့ တစ်နာရီနီးပါး တွေ့ဆုံခွင့်ရခဲ့ပေမဲ့ တယ်လီဖုန်းတွေ ယူဆောင်ခွင့်မပြု။

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးဟာ မြန်မာစစ်တပ်ခန့်အစိုးရနဲ့ မလေးရှားအစိုးရတို့ရဲ့ နေရပ်ပြန်ပို့ရေးအစီအစဉ်နဲ့ အောက်တိုဘာ ၄ ရက်နေ့မှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။

ပြန်ရောက်လာသူတွေကို UID (Unique Identification) နံပါတ် ထုတ်ပေးဖို့ ကိုယ်ရေးနဲ့ ဇီဝအချက်အလက်တွေ ကောက်ယူနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ သူတို့ကို နေရပ်ဒေသအလိုက် သတ်မှတ်ထားတဲ့ နေရာတွေကို ခွဲပို့ပြီး UID လုပ်ငန်းစဉ် ဆောင်ရွက်နေတယ်လို့ အဲဒီအခြေအနေကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တနင်္သာရီတိုင်းကဆိုရင် သန်လျင်က သာသနာဗိမာန်ကို ခေါ်ပြီး UID ကတ်လုပ်ပေးတယ်။ ရန်ကုန်တိုင်းကဆိုရင် မင်းဓမ္မလမ်းက MCC ခန်းမကို ခေါ်သွားတယ်။ ရခိုင်ပြည်နယ်ကဆိုရင် ဒေါပုံမြို့နယ်က မိုးလုံလေလုံ အားကစားခန်းမနဲ့ လှိုင်သာယာက မြို့နယ်ခန်းမကို ခေါ်သွားတယ်။ ရခိုင်က လူများတော့ နှစ်နေရာခွဲခေါ်သွားတာ။ ပဲခူး၊ မန္တလေး၊ မွန်၊ နေပြည်တော်တို့ကတော့ အဲဒီကိုပဲ တိုက်ရိုက်ခေါ်သွားကြပြီး သတ်မှတ်နေရာတွေမှာ လုပ်ပေးမယ်လို့ သိရတယ်”

UID ကတ်လုပ်ငန်းစဉ်ပြီးသွားတဲ့သူတွေကိုတော့ လာကြိုတဲ့ မိသားစုဝင်တွေရှိရင် မိသားစုနဲ့အတူ ပြန်ခွင့်ပြုမှာဖြစ်ပြီး၊ နေရပ်ဝေးတဲ့အပြင် မိသားစုဝင် လာမကြိုနိုင်သူတွေကိုတော့ အာဏာပိုင်တွေက သူတို့အစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေးမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မလေးရှားက ပြန်ပို့ခံရတဲ့ မြန်မာတွေကို UID အတွက် ကိုယ်ရေးနဲ့ ဇီဝအချက်အလက် စုဆောင်း
မလေးရှားက ပြန်ပို့ခံရတဲ့ မြန်မာတွေကို UID အတွက် ကိုယ်ရေးနဲ့ ဇီဝအချက်အလက် စုဆောင်း မလေးရှားက ပြန်လာမည့် မိသားစုဝင်တွေကို ကြိုရန် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က သန်လျင် ရေတပ်စခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြစဉ်။ (SAI AUNG MAIN/AFP)

ပြန်ရောက်လာသူတွေဟာ လာကြိုတဲ့ မိသားစုဝင်တွေနဲ့ တစ်နာရီနီးပါး တွေ့ဆုံခွင့်ရခဲ့ပေမဲ့ တယ်လီဖုန်းတွေ ယူဆောင်ခွင့်မပြုဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်စနစ်ဖြစ်တဲ့ UID စနစ်အတွက် အမည်၊ မွေးသက္ကရာဇ်နဲ့ မိဘအမည် စတဲ့ ကိုယ်ရေးအချက်အလက်တွေအပြင် ဓာတ်ပုံ၊ လက်ဗွေနဲ့ မျက်စိသူငယ်အိမ်ဆိုင်ရာ ဇီဝအချက်အလက်တွေကို ကောက်ယူပြီး လူတစ်ဦးချင်းစီအတွက် သီးခြား UID နံပါတ် ထုတ်ပေးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ UID နံပါတ်ထုတ်ပေးတဲ့စနစ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က Pilot Project အဖြစ် စတင်ခဲ့ပြီး၊ နောက်ပိုင်းမှာ နိုင်ငံတစ်ဝန်း လူဝင်မှုကြီးကြပ်ရေးရုံးတွေကနေ ကိုယ်ရေးနဲ့ ဇီဝအချက်အလက်တွေ ကောက်ယူပြီး ဂဏန်း ၁၀ လုံးပါ UID နံပါတ်တွေ ထုတ်ပေးလာတာ ဖြစ်ပါတယ်။

အခုလိုအချက်အလက်မှတ်တမ်းတွေ ကောက်ယူနေတာကြောင့် စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ပြန်ပို့ခံရတဲ့ ၁,၄၇၆ ဦးမှာ အမျိုးသား ၁,၃၇၀ ဦးနဲ့ အများဆုံးဖြစ်ပြီး အမျိုးသမီး ၇၉ ဦး၊ ကလေး ၂၇ ဦး ပါဝင်တယ်လို့ မလေးရှားနိုင်ငံပိုင် Bernama သတင်းမှာ ဖော်ပြပါတယ်။ အဲဒီထဲမှာ အသက် ၈ နှစ်ကနေ ၆၀ နှစ်အထိ ပါဝင်တယ်လို့ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်အထိ မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦး ရှိပြီး၊ အခု ပြန်ပို့တဲ့ ၁,၄၇၆ ဦးဟာ မြန်မာနိုင်ငံသား ၅,၀၀၀ ကို အဆင့်လိုက် ပြန်ပို့မယ့် အစီအစဉ်ရဲ့ ပထမအသုတ်ဖြစ်တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ခန့်အစိုးရကတော့ ပြန်ရောက်လာသူတွေကို UID နံပါတ်ထုတ်ပေးဖို့ ဆောင်ရွက်နေပြီး နယ်ဝေးဒေသကလူတွေ နေရပ်ပြန်နိုင်ရေး ကူညီပေးနေတယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်ပြန်ထားပါတယ်။

ပြန်လာသူတွေကို လက်ခံပို့ဆောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မလေးရှားအစိုးရက ဒီအစီအစဉ်ကို ဆန္ဒအလျောက် နေရပ်ပြန်ပို့ရေးအစီအစဉ်လို့ ပြောထားပေမဲ့ UNHCR ကတော့ ပြန်ပို့ခံရသူတချို့ဟာ နိုင်ငံတကာအကာအကွယ် လိုအပ်သူတွေ ဖြစ်နိုင်ပြီး၊ သူတို့ နေရပ်ပြန်ရတာဟာ အမှန်တကယ် ဆန္ဒအလျောက်ဖြစ်မဖြစ်ကို လွတ်လွတ်လပ်လပ် စိစစ်နိုင်ခြင်း မရှိဘူးလို့ ပြောထားပါတယ်။

ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ စစ်ပွဲနဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားနေတဲ့ မြန်မာနိုင်ငံကို အခုလိုပြန်ပို့တာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောထားကြပြီး၊ နောက်ထပ်ပြန်ပို့တာတွေကို ရပ်တန့်ဖို့ မလေးရှားအစိုးရကို တောင်းဆိုထားကြပါတယ်။

မလေးရှားအစိုးရကတော့ အခုလိုနေရပ်ပြန်ပို့တာဟာ ပြန်ပို့ခံရသူတွေရဲ့ သဘောတူညီချက်နဲ့ ဆန္ဒအလျောက် ဆောင်ရွက်တာဖြစ်ပြီး၊ နှစ်နိုင်ငံ သဘောတူထားတဲ့ လုပ်ငန်းစဉ်အတိုင်း အဆင့်လိုက်ဆောင်ရွက်တာဖြစ်တယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ မလေးရှားပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောထားပါတယ်။