၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံအနှစ် ၃ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပသလို၊ မန္တလေးမြို့မှာလည်း ကျင်းပခဲ့ပါတယ်။ မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ အထက်မြန်မာပြည် ကိုယ်စားပြု ၈ လေးလုံး လူထုဒီမိုကရေစီ အရေးေးတာ်ပုံ ပုလဲရတု အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေလည်း တက်ရောက်ကြပါတယ်။
နေ့လည်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ၈ လေးလုံး သမိုင်းဝင် ဓာတ်ပုံတွေကို ပြသထားကြောင်းနဲ့ ပန်းချီကားတွေ၊ ကာတွန်းတွေ၊ အဲဒီကာလက စာစောင်ဟောင်းတွေကိုလည်း ပြသထားတဲ့ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။
မန္တလေးမြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ အခမ်းအနားမှာ ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးအလားအလာ၊ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ ၂ဝဝ၈ အခြေခံဥပဒေ..စတဲ့ ခေါင်းစဉ် သုံးမျိုးကိုလဲ ဆွေးနွေးခဲ့ပါတယ်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလဲ ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မုံရွာမြို့က မြို့တော်ခမ်းမမှာ ပထမဆုံး အကြိမ် ကျင်းပခဲ့တယ်။ ခွပ်ဒေါင်းအလံတွေကို လွှင့်နိုင်ခဲ့တယ်လို့ ၈၈ မျိုးဆက်တဦးဖြစ်တဲ့ မသီတာက ပြောပြပါတယ်။
မုံရွာမြို့က ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အစိုးရအဖွဲ့ဝင်တချို့နဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်တချို့လဲ တက်ရောက်ခဲ့ပါတယ်။ အရေးတော်ပုံ ကာလက စစ်တပ်က အာဏာသိမ်းပြီးနောက်နေ့ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်နှိမ်နင်းလို့ သေဆုံးရသူ ၅ ဦး ရှိတယ်လို့ မသီတာက ပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံအနှစ် ၃ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မြောင်းမြ၊ ဟင်္သာတမြို့အပါအဝင် မြန်မာပြည် အနှံ့မှာပါ ကျင်းပခဲ့ကြပါတယ်။