စစ်ကြောင်းထိုးလို့ ကန့်ဘလူမြို့နယ်က ဒေသခံ ကိုးထောင်နီးပါးထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာလို့ ဇော်ချောင်း၊ သင်တော၊လွင်ကြီး၊ အလယ်ခုံ၊ ယောကုန်း၊ သေတ္တာနဲ့ အောက်တဲ စတဲ့ ကျေးရွာခုနစ်ရွာက ဒေသခံ ကိုးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၇၀ နီးပါးရှိတဲ့ ခမရ-၃၆၃ စစ်ကြောင်းဟာ အောက်တိုဘာလ ၆ ရက်မှာ ဇော်ချောင်းရွာကို ဝင်ရောက်မီးရှို့ပြီး အနီးဝန်းကျင်က ရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စီးနင်းနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒေသခံက ကိုးထောင်နီးပါး ပြေးနေရပြီ၊ ဒီမနက်အထိ ပြေးနေရတာပေါ့၊ စစ်ကြောင်း ဝင်လာပြီဆိုတာနဲ့ အဲဒီအနီးအနားက ရွာတွေအကုန် ပြေးရတော့တာပဲ။ အရင်ကဆို ရွာစောင့်တွေ ဘာတွေ ကျန်ခဲ့တယ်၊ အဲဒီလိုကျန်ခဲ့ရင် စစ်ကြောင်းက ဖမ်းသတ်ပစ်လို့ အခုရွာရှိ လူအကုန် ပြေးကြတာ"

အရပ်သားတွေက နီးစပ်ရာရွာတွေနဲ့ တောတွေထဲကို ထွက်ပြေးနေရပြီး စားဝတ်နေရေး အတွက် အခက်အခဲရှိနေတယ်လို့ သူက ပြောပါတယ်။

အောက်တိုဘာလ ၆ ရက်က ဝင်ရောက်စီးနင်းခဲ့တဲ့ ဇော်ချောင်းရွာမှာတော့ နေအိမ် ၄၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျန်ရွာတွေက နေအိမ်ထိခိုက်ဆုံးရှုံးမှု အခြေအနေကို မသိရသေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၅၄၅,၂၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။