ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံရတာ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်ကြောင်း NLD ထုတ်ပြန်

2020-10-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည့်ဓာတ်ပုံ။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည့်ဓာတ်ပုံ။
Screenshot from press release by AA


NLD အမတ်လောင်းသုံးယောက်ကို ရခိုင့်တပ်တော် AA က ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကြီးမားစွာအဟန့်အတား ဖြစ်နိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ ကိုယ်စားလှယ်လောင်းသုံးယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း NLD ကတောင်းဆိုထားပါတယ်။

ဒီကိုယ်စားလှယ်လောင်းတွေဟာ ဥပဒေကို ဖောက်ဖျက်သူတွေမဟုတ်ဘဲ ရွေးကောက်ပွဲဥပဒေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ မဲဆွယ်စည်းရုံးရေးသွားရောက်နေချိန်မှာ ဖမ်းဆီးခံရတာလို့လည်း ဆိုပါတယ်။ AA တပ်ဖွဲ့ ဖမ်းသွားပြီး တပတ်အကြာမှာ NLD က အခုလို တရားဝင်ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာလည်းဖြစ်ပါတယ်။

အလားတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်းသုံးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ဘယ်ပါတီက ကိုယ်စားလှယ်လောင်းကိုပဲဖြစ်ဖြစ် အခုလို ဖမ်းဆီးချုပ်နှောင်ထားဟာ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့် လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တဲ့အပြင် လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦး တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းနေချိန်  အောက်တိုဘာလ (၁၄) ရက်နေ့မှာ လက်နက်ကိုင်တဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး အောက်တိုဘာလ (၁၉) ရက်နေ့မှာ ဖမ်းဆီးထားကြောင်း AA ရခိုင့်တပ်တော်ဘက်က ဝန်ခံပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးမင်းအောင်နဲ့ ဒေါ်နီနီမေမြင့်တို့ဟာ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ဖူးသူတွေ ဖြစ်တယ်လို့လည်း AAPP အဖွဲ့က ပြောထားတာပါ။

NLD အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေ ပြန်လွှတ်ပေးမယ်ဆိုရင် ဒီအမတ်လောင်းသုံးယောက်ကိုလည်း ပြန်လွှတ်ပေးမှာဖြစ်ကြောင်း AA က ပြောထားပါတယ်။

ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်စေဖို့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေကို အာဏာပိုင်တွေက ဖမ်းဆီးတဲ့အပေါ်မှာလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်မှာလည်း ပြောထားတာပါ။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က AA တောင်းဆိုသလို သုံ့ပန်းလဲလှယ်ရေးကို လိုက်လျောဖို့ခက်ခဲကြောင်းနဲ့ လက်ရှိ ဒီကိုယ်စားလှယ်လောင်းတွေဟာ အဖမ်းခံထားရပေမယ့် တောင်ကုတ်မှာတော့ ဆက်ပြီး ရွေးကောက်ခံပိုင်ခွင့်ရှိတယ်လို့ RFA ကို ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့