မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းဘုရင်အစီအစဉ်နဲ့ ဗိုင်းရပ်စ်ရှိမရှိစစ်ဆေး

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု မြင့်တက်လာတာကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားနေထိုင်နေတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောဂါပိုးစစ်ဆေးမှုတွေလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ရောဂါကူးစက်မှုတွေ များလာတဲ့အတွက် စင်တင်ဘာလ ၈ ရက်နေ့ကနေစပြီး တာခ်ခရိုင် မဲဆောက်မြို့နယ်မှာ ထိုင်းဘုရင်ရဲ့ အစီအစဉ်နဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှာဖွေစစ်ဆေးရေး မော်တော်ယာဉ်တွေနဲ့ အခမဲ့ စစ်ဆေးပေးနေပါတယ်။

ထိုင်းနိုင်ငံထဲမှာ ရောဂါ မကူးစက်နိုင်အောင် ထိုင်းဘုရင်အနေနဲ့ စိုးရိမ်လို့ အခုလို စစ်ဆေးမှုတွေ လုပ်နေတာ ဖြစ်တယ်လို့ မဲဆောက်မြို့က အစ္စလမ်းကျောင်းမှာ ကိုဗစ်ရောဂါ စစ်ဆေးမှုကို ကူညီပေးတဲ့ ဦးအောင်နိုင်စိုးက ပြောပါတယ်။

"ကျနော်တို့ ရပ်ကွက်မှာ အယောက် တထောင်စစ်ပေးတယ်။ အားလုံး အယောက် သုံးထောင် စစ်ပေးမယ်လို့ ကြားတယ်။ နယ်စပ်တလျှောက်လုံးပေါ့နော်။ ပြီးတော့ တခြားမယ်လတို့၊ ဖွတ်ဖရတို့၊ ထဆောင်ယမ်းတို့မှာလည်း စစ်မယ်။ နယ်စပ်မြို့ဆိုတော့ ဂိတ်တွေကလည်း အများကြီးဆိုတော့ လူကလည်း သွားသွားလာလာ ကြိုက်တဲ့အပေါက်က ဝင်လို့ရတယ်လေ။ အဲဒါကို စိုးရိမ်တဲ့အနေနဲ့ ကြိုတင်ကာကွယ်ပေးတာပေါ့"


ကိုဗစ်ရောဂါကာကွယ်ဖို့ အခုလို မြန်မာနိုင်ငံသားတွေအတွက် အခမဲ့ စစ်ဆေးပေးရုံသာမက တကယ်လို့ ရောဂါပိုး တွေ့ရှိခဲ့တယ်ဆိုရင်လည်း အခမဲ့ကုသပေးမှာ ဖြစ်တယ်လို့ ဦးအောင်နိုင်စိုးက ပြောပါတယ်။

ပထမနေ့ အခမဲ့ဝန်ဆောင်မှုကို မဲဆောက်မြို့က အစ္စလမ်းစာသင်ကျောင်းမှာ စခန်းဖွင့်ပြီး စစ်ဆေးခဲ့တာပါ။ စက်တင်ဘာလ ၉ ရက် မနေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်က မြန်မာအလုပ်သမားတွေရှိတဲ့ အခြားမြို့နယ်တွေမှာလည်း အခမဲ့စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

မဲဆောက်မြို့ထဲက ရွှေ့ပြောင်းမြန်မာအလုပ်သမားမိသားစုတွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်း ၁၁ ခုက ဆရာ၊ ဆရာမတွေနဲ့ စစ်ဆေးရေးစခန်း အနီးအနားက ထိုင်းလူမျိုးတွေအပါအဝင် လူမျိုးမရွေး ဘာသာမရွေး လူပေါင်း တစ်ထောင်ကျော် စစ်ဆေးမှု ခံယူနိုင်ခဲ့တယ်လို့ စင်တင်ဘာလ ၈ ရက်နေ့က ဆေးစစ်ခဲ့တဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

"ကျမတို့စစ်တဲ့ အစ္စလမ်းစာသင်ကျောင်းမှာလူဦးရေ ၁၀၀၀၊ ရွှေ့ပြောင်းကျောင်း ၁၁ ကျောင်းသူတို့က တပိုင်းချင်းစီ သွားကြတာ၊ ကျမတို့ ဆရာ၊ ဆရာမတွေကတော့ မနက်ပိုင်းအစောကြီးကနေ ပြတ်သွားပြီ။ အဲဒီကျောင်း ၁၁ ကျောင်းက ဆရာ၊ ဆရာမတွေအပြင် ရပ်ကွက်တွေမှာရှိတဲ့ မြန်မာပြည်သားတွေပေါ့။ အားလုံးက မြန်မာပြည်သားတွေကြီးပဲ"


"သူတို့ကြေညာတယ်လေ။ ထိုင်းဘုရင်ကြီးရဲ့ ဘတ်ဂျက်ဆိုပြီးတော့ ဒီရွှေ့ပြောင်း ပြည်သူပြည်သားတွေပေါ့နော်။ ဘေးကင်းလုံခြုံဖို့အတွက် သူ့နိုင်ငံအတွက်လည်း လုံခြုံဖို့အတွက် ကိုဗစ်-၁၉ ကို အခမဲ့ စစ်ဆေးပေးနေပါတယ်ဆိုပြီးတော့"


ကျောင်းဆရာ၊ ဆရာမအပြင် ကျောင်းထဲမှာ ဈေးလာရောင်းသူ၊ ကားမောင်းသူ၊ သန့်ရှင်းရေးလုပ်တဲ့လူတွေ၊ ရပ်ကွက်ထဲမှာရှိတဲ့ မြန်မာရွှေ့ပြောင်းပြည်သူတွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။

မဲဆောက်ဈေးထဲက ဈေးသည်တွေကိုလည်း ဆေးစစ်ဖို့ ကြေညာထားတယ်လို့ ဆိုပါတယ်။