ကချင်ပြည်နယ်ထဲ ၆၈ နေရာမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ KSPP ပါတီပြော

2020-07-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပထမအကြိမ် KSPP ပါတီညီလာခံမှာ ပါတီအဖွဲ့ဝင်များကို တွေ့ရစဉ်
ပထမအကြိမ် KSPP ပါတီညီလာခံမှာ ပါတီအဖွဲ့ဝင်များကို တွေ့ရစဉ်
Photo: KSPP

လာမယ့်ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ထဲက မြို့နယ်အားလုံးရဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း ၆၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဒွဲဘူက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၈ မြို့နယ်ရှိပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာပေါင်း ၆၈ နေရာရှိတာဖြစ်ပါတယ်။

မြစ်ကြီးနားခရိုင်က ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဇူလိုင် ၂၅ ရက် မနေ့ကထုတ်ပြန်ထားပြီး ကျန်တဲ့ စာရင်းတွေကို နောက်ရက်တွေမှာ ဆက်ထုတ်ပြန်သွားမယ်လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။

ဗမာနဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်လည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လီဆူနဲ့ ရဝမ် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကိုတော့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လူငယ်နဲ့ အမျိုးသမီး ဦးစားပေးရွေးချယ်ထားပေမယ့် လူငယ်တွေ၊ အမျိုးသမီးတွေ လျှောက်ထားသူ နည်းတာကြောင့် အနည်းငယ်ဘဲပါတယ်လို့ ပြောပါတယ်။

KSPP ပါတီဟာ စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ စတဲ့ ပါတီလေးခုက ကချင်နိုင်ငံရေးတွေ ပေါင်းစည်းထားတာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်တိုင်းရင်းသား ပါတီတွေဟာ ပြည်နယ်မဲဆန္ဒနယ်မြေတွေမှာ အင်တိုက်အားတိုက် ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ပါတီက နေရာအများစုကို အနိုင်ခဲ့တာကြောင့် အဲဒီသင်ခန်းစာအရ ပါတီတစ်ခုတည်း ပေါင်းစည်းရေးကို ၂၀၁၇ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ပါတီလေးခုပေါင်းစည်းထားတဲ့ KSPP အပြင် ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ) စတဲ့ ပါတီတွေ အခြေစိုက်ကြတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့