မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာ တပ်ရင်းမှူးတစ်ဦး ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားဝပ်ရှော့တစ်ခုမှာ အမှတ်(၄၂၁) ခြေလျင်တပ်ရင်းက တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးပြည့်ဖြိုးအောင်ကို ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးအဖွဲ့(PSDA)က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ PSDA ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာပစ်ခတ်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီမှာသေဆုံးသွားတယ်လို့ သတင်းရတယ်လို့ သူကပြောပါတယ်။

"လက်ရယ်၊ ရင်ဘတ်ရယ်၊ ပေါင်ရယ် အားလုံးက ၁၄ ချက် ၁၅ ချက်လောက်ရှိမှာပေါ့။ သူနဲ့အတူတူပါလာတဲ့သူရဲ့ PSO ဖြစ်မှာပေါ့။ အဲတစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။"

ပစ်ခတ်ခံရတဲ့ ဒုတိယဗိုလ်မှူးကြီးပြည့်ဖြိုးအောင်ဟာ ဆေးဗိုလ်ကြီးတစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်က ရှမ်းပြည်နယ်လွှတ်တော်ရဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် အနီးနားဝန်းကျင်က ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မူဆယ်အခြေစိုက်စစ်တပ်အသိုင်းအဝိုင်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ဒီလိုပစ်ခတ်ခံရတာကို မသိရှိကြောင်း ပြောကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အောက်တိုဘာ ၆ ရက်နေ့ကလည်း မူဆယ်မြို့မှာ မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုး ဆိုသူကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်သတ်သွားခဲ့ပါတယ်။