ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာနေထိုင်တဲ့ သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း ခေါ် ဖိုးသီဟကို စက်တင်ဘာလ ၂၀ ရက် ဒီနေ့နေ့လယ်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ကောက်ဈေးရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာပဲ ဝင်ရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူရဲ့ နေအိမ်မှာပဲ အဖမ်းခံလိုက်ရတာပါ။ အိမ်ရှေ့မှာ စစ်သားနဲ့ရဲက ဝိုင်းပြီးဖမ်းသွား တာပေါ့။ အခုတော့ ဘာသတင်းအစအနမှ မရသေးဘူး။ ရဲခစန်းကိုခေါ်သွားလား စစ်တပ်ထဲကို ခေါ်သွားလား မသိရသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်နေကြတယ်”
ကိုမြတ်သူထွန်း ခေါ် ဖိုးသီဟဟာ ပြည်တွင်းသတင်းဌာနတွေနဲ့ ဒေသတွင်း သတင်းဌာန တချို့မှာ သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး စစ်တပ်က အာဏာမသိမ်း ခင်ကတည်းက သတင်းထောက်အလုပ်ကို ရပ်နားခဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ကလေးကစားစရာ အရုပ်ဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်နေသူဖြစ်သလို ဘာကြောင့်အဖမ်းခံရလဲဆိုတော သေချာမသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးခရိုင်ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့ပေါ်က ဒေသခံ ကိုကျော်ဇံဝေ ခေါ် ကိုဖိုးလပြည့်ကို စစ်ကောင်စီတပ်သားတွေ နေအိမ်ကနေလာရောက် ဖမ်းဆီးခဲ့ပြီး NUG နဲ့ CRPH နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီ ဘက်က စက်တင်ဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။