ပခုက္ကူအကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦး တိုက်ပွဲအတွင်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ရွှေပန်းကုံးနယ်မြေရဲစခန်းကို အောက်တိုဘာလ ၁၇ ရက် မနေ့ မနက်ပိုင်းက ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ စီးနင်းတိုက်ခိုက်ချိန် ပခုက္ကူထောင်ဖောက်ပြီး လွတ်မြောက်လာသူ တစ်ဦး သေဆုံးခဲ့တယ်လို့ 96 Soldiers - PDF အဖွဲ့ရဲ့ ခေါင်းဆောင် ကိုဇေယျာလွင်က RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းချိန်မှာ ကိုနေထက်ဆိုသူ သေဆုံးခဲ့တာဖြစ်ပြီး စစ်ကြောင်းမှူးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ 96 Soldiers - PDF အဖွဲ့က အဲဒီနေ့မှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဘက်ကလည်း နှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ကိုနေထက်ဟာ စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ သေဆုံးခဲ့တာမဟုတ်ဘဲ စစ်အာဏာရှင်ကို တော်လှန်ရင်း သေဆုံးခဲ့တာဖြစ်လို့ သူ့ရဲ့ ကြိုးစားမှုဟာ တန်ဖိုးရှိတယ်ကို 96 Soldiers - PDF အဖွဲ့ရဲ့ ခေါင်းဆောင် ကိုဇေယျာလွင်က RFA ကို ပြောပါတယ်။

“ကိုနေထက်က ထောင်ကိုဖောက်ပြီးတောင် ဒီတော်လှန်ရေးထဲကို ရောက်အောင်ပြန်လာတယ်။ သူရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်စားလိုစိတ်က နည်းတာမဟုတ်ဘူး။ ပြီးတော့ ဒီအာဏာရှင်ကို တော်လှန်လိုစိတ်က ပြင်းပြပုံက ထောင်ဖောက်လာပြီးတော့ စစ်အာဏာရှင်ကို တော်လှန်တဲ့လူစားမျိုး။ ထောင်ထဲမှာ နှိပ်စက်မခံရဘဲ မကျဆုံးဘဲ တိုက်ပွဲကိုလာပြီး ကျဆုံးတဲ့ သူရဲ့ ကျဆုံးမှုဟာ စစ်အာဏာရှင်တွေ ထက်ထဲမှာ ကျတာမဟုတ်ဘဲနဲ့ စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်ရင်း ကျတာလို့မြင်တယ်။ သူရဲ့ကျဆုံးမှုက သူကြိုးစားခဲ့တဲ့အရာအတွက် အများကြီး တန်ဖိုးရှိတယ်”

ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တစ်နှစ်အတွင်း တော်လှန်ရေးကို အဆုံးသတ်မယ်ဆိုတဲ့ စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုနေထက်ဟာ ထောက်ဖောက်ခဲ့တဲ့ ငါးဦးထဲမှာ ၁၈ ပေအမြင့်ရှိတဲ့ အုတ်တံတိုင်းကျော်ချိန် အောက်ဆုံးကနေ ကျန်လေးဦးကို မတင်ပေးခဲ့သူဖြစ်ပြီး သူကျော်တက်တဲ့အချိန်မှာ သုံးကြိမ်ပြုတ်ကျခဲ့ပေမယ့် နောက်ဆုံး တစ်ကြိမ်မှာ လွတ်မြောက်ခဲ့တာလို့ ကိုနေထက်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။

ရွှေပန်းကုံးနယ်မြေရဲစခန်းကို 96 Soldiers-PDF တပ်အဖွဲ့၊ ဒေါင်းနီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့နဲ့ တောသားကြီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူနဲ့ ပြန်လည်ပစ်ခတ်ခဲ့ တာကြောင့် ပြန်ဆုတ်ခဲ့ကြရတယ်လို့လည်း အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။