ဘုတလင် မောင်းထောင်ရွာမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး

စက်တင်ဘာ ၅ ရက် မနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာ ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် အသက် ၄၈ နှစ်အရွယ် ဒေါ်သင်း ဆိုသူ အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ဒေါ်သင်းဟာ သံပရာသီးလိုချင်လို့ ရွာထဲက ကုန်စုံဆိုင်တစ်ခုမှာ လာဝယ်ရင်း ရုတ်တရက် လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့တာလို့ မောင်းထောင်ရွာသားတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတစ်ကြောင်းဟာ အနီးအနားရွာတွေမှာ တိုက်ပွဲမရှိဘဲ ရိက္ခာပြတ်တာ ကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ရွာထဲဝင်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲလည်းမရှိဘဲ သူတို့တပ်စွဲထားတဲ့ ကူတော်ရွာမှာ စားစရာမရှိတော့လို့ အကြမ်းဖက် ဝင်လာကြပြီး လိုတာတွေ ယူသွားကြတာ။ ရုတ်တရက်ဆိုတော့ ထွက်မပြေးနိုင်တဲ့သူတွေ ရှိတယ်။ အခု သေဆုံးတဲ့သူဆိုရင် သံပရာသီး လာဝယ်ရင်းနဲ့ ထိသွားတာ။ အိမ်ရှင်လည်း ဒဏ်ရာရတယ်"

သေဆုံးသူ ဒေါ်သင်း အပြင် မနေ့က လက်နက်ကြီးထိမှန်တဲ့ ကုန်စုံဆိုင်က နောက်ထပ် အမျိုးသမီး နှစ်ဦးဖြစ်တဲ့ မနှင်းနဲ့ မယဉ်နု တို့လည်း ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးခန်း တစ်ခုမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သူက ဆိုပါတယ်။

မောင်းထောင် ရွာထဲဝင်လာတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ပြီး နေအိမ်တွေကိုပါ မီးရှို့ ခဲ့တာကြောင့် နေအိမ်အလုံး ၂၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မနေ့က ပစ်ခတ်ဝင်လာတဲ့ စစ်တပ်ဟာ ဒီကနေ့အထိ မောင်းထောင်ရွာမှာပဲ တပ်စွဲထားတဲ့ အတွက် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ် မောင်းထောင်ရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး စစ်ကိုင်း တိုင်းကို စစ်တပ်က အထူးစစ်ဆင်ရေး စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ အင်တာနက် ဖြတ်တောက်ခံထားရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင် ဘာ ၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လက်ရှိအချိန်မှာ နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁.၃ သန်းကျော်ရှိနေပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ငါးသိန်းသုံးသောင်းနီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၉ လအတွင်း စစ်ကိုင်းတိုင်း အပါ အဝင် နိုင်ငံတစ်ဝန်း သေဆုံးရသူ အရေအတွက်ဟာ ၂၂၆၅ ဦး ရှိပါတယ်။