မြောက်ဦးမှာ အစိုးရတပ်နဲ့ AA တိုက်ပွဲ နှစ်ဖက်အထိခိုက် အကျအဆုံးရှိ


2019.02.20
aa-army-fighting-map-622.JPG AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာပြမြေပုံကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြိုင်းချကျေးရွာရဲ့အရှေ့ဘက် တောင်တန်းတွေမှာရှိနေတဲ့ AA ရက္ခိုင့်တပ်မတော်ကို အစိုးရတပ်မတော်က ဒီနေ့နေ့လယ်က ရဟတ်ယာဉ်နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

ဒီနေ့ထုတ် အစိုးရက ထုတ်တဲ့ သတင်းစာတွေမှာတော့ ရန်အောင်ပြင်နဲ့ ပေါက်ပင်ကွင်းကျေးရွာတွေအနီးမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး AA အဖွဲ့က အလောင်း ၉ လောင်းနဲ့ အာရ်ပီဂျီတစ်လက်သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည်တချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

မနေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ရန်အောင်ပြင်၊ ပေါက်ပင်ကွင်းကျေးရွာတွေဟာ ကျောက်တော်-မြောက်ဦး ကားလမ်းမရဲ့ အရှေ့ဘက်မှာရှိပါတယ်။

"နေ့လယ် ၁ နာရီလောက်က ရွာအပေါ်ကနေပြီးသွားပါတယ်။ ကျွန်တော်တို့ရွာနဲ့ ၂ မိုင် ၃ မိုင်လောက်အကွာကနေပြီး အပေါ်ကနေ ဗုံးချတယ်၊ ဗုံးကြဲတယ်။ အချက် ၂၀၊ ၃၀ လောက်တော့ ပစ်တယ်။ ကျွန်တော်တို့က သူတို့အပေါ်ကပစ်တာကို မျက်မြင် မြင်ရတာပေါ့။ ရဟတ်ယာဉ်က ၂ စီးပါ။ အဲဒီ ၂ စီးလုံးကပစ်တာပါ။ ပထမတစ်စီးကပစ်တယ်။ ပစ်ပြီးပြန်သွားတယ်။ နောက်တစ်စီးက ပစ်တယ်"

အစိုးရတပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ပစ်ခတ်တာကို လှမ်းမြင်ခဲ့ရတဲ့ ပြိုင်းကျကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်ဦးစိန်က ပြောဆိုသွားတာပါ။

အဲဒီ ကားလမ်းမ အရှေ့ဘက်တောင်ကုန်းတွေမှာ AA အဖွဲ့က လေ့ကျင့်ရေးစခန်းနဲ့ စည်းရုံးရေးနယ်မြေ တည်ဆောက်ဖို့ရောက်ရှိနေတယ်ဆိုတဲ့သတင်းအရ နယ်မြေလုံခြုံရေးဆောင်ရွက်ရာမှာ AA အဖွဲ့က အင်အား ၁၀၀ လောက်နဲ့ မနေ့ကတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း AA အဖွဲ့က အလောင်း ၉ လောင်းနဲ့ အာရ်ပီဂျီတစ်လက်သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည်အချို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက RFA ကို အခုလိုပြောပါတယ်။

"မြောက်ဦးမြို့နယ်အတွင်းမှာဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲစဉ်တစ်လျှောက်လုံးမှာတော့ အရာရှိတွေအပါအဝင် ဗမာစစ်သား ၃၀ ထက်မနည်းကို ကျွန်တော်တို့ဘက်က ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်ဗျ။ နောက် ဒဏ်ရာရသွားတာလည်းအများအပြားရှိတယ်။ နောက်ပြီးတော့ မနေ့က စစ်ဆင်ရေးသွားနေတဲ့ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်ရဲ့စစ်ကြောင်းကို ဗမာလက်နက်ကိုင်တွေဘက်ကနေပြီးတော့ ချုံခိုတိုက်ခိုက်ခဲ့တာရှိပါတယ်။ အဲဒီလိုချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဘက်ကနေ ရဲဘော် ၃ ဦးကျဆုံးပြီးတော့ အာရ်ပီဂျီတစ်လက်ဆုံးရှုံးခဲ့တာရှိတယ်ဗျ"

မြောက်ဦးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော် AA က အတည်တကျတည်ဆောက်လုပ်ထားတဲ့ စခန်းတွေမရှိသေးဘူးလို့လည်း AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ်ပြန်ချက်မှာ ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြပေမယ့် ဒေသခံတွေဘက်ကတော့ ကျောက်ကျပ်ကျေးရွာအနီးမှာလည်း ည ၁၂ နာရီလောက်အချိန်အထိ ပစ်ခတ် သံတွေကြားနေရတယ်လို့ပြောပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ကျောက်ကျပ်၊ စေတီတောင်၊ ဂါရာတောင် စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀ လောက်ဟာ ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာကို ဒီနေ့ညနေပိုင်းမှာ ထွက်ပြေးရောက်ရှိနေကြပါတယ်။

အစိုးရတပ်မတော်ဘက်က စစ်ဆင်ရေးတွေကိုဆက်လက်ဆောင်ရွက်နေတယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေသခံမျက်မြင်တွေဘက်ကလည်း အစိုးရတပ်ဘက်က ဒီနေ့နေ့လယ်ဘက်မှာ အဲဒီဒေသဘက်ကို ရတ်ဟတ်ယာဉ်တွေနဲ့ တပ်အင်အားတွေကိုတိုးချဲ့နေတယ်လို့ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံမျက်မြင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"ကျွန်တော်တို့မြင်တွေ့ရတာတော့ ပထမဆုံး ရဟတ်ယာဉ် ၂ စီးရောက်လာပြီးတော့ အဲဒီ ဘူးရွက်မညှိုးရွာနားမှာ ဝဲလည်လည်လုပ်ပြီး စစ်သားတွေကို လေယာဉ်ပေါ်ကနေ ချပါတယ်။ အဲဒီမှာချပြီးတော့ ကျောက်တော်ဘက်ကိုပြန်တက်သွားတယ်။ နောက်ထပ်တစ်စီးလာတယ်။ လာပြီးတော့ အဲဒီမှာရပ်တယ်ခင်ဗျ။ တစ်စီးပြီးတစ်စီးနဲ့ အခုဆိုရင် ၁၁ စီးတောင်ဖြစ်သွားပြီခင်ဗျ"

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေအတွင်းမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အခုလက်ရှိမှာ မြောက်ဦးမြို့နယ်အထိ ကျယ်ပြန့်လာနေတာဖြစ်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက်က ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲသံနှစ်ချက် ပထမဆုံးထွက်ပေါ်လာပြီးနောက် အစိုးရတပ်မတော်ဘက်က ကျေးရွာအတွင်းကို ပစ်ခတ်မှုတွေရှိခဲ့သလို နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျတာတွေလည်းရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

ကျေးရွာစာသင်ကျောင်းမှာ စာမေးပွဲဖြေဆိုကြတဲ့ ကျောင်းသူ၊ ကျောင်းသား ၈၀ ကျော်ဟာ ကျောင်းထဲမှာပဲ ပိတ်မိနေတယ်လို့ အမည်မဖော်လိုတဲ့ ဆရာမတစ်ဦးက RFA ကို ဒီနေ့ ညနေ ၄ နာရီက ပြောပါတယ်။

"မနက် ၁၀ နာရီ ၁၅ မှာ လက်နက်သံနှစ်ခုကြားပါတယ်။ လက်ရှိအခြေအနေကတော့ ကျွန်မတို့မှာ ကလေးတွေကို စာဖြေပြီးတော့ မိန်းကလေးတွေကို ရုံးခန်းမှာထားပါတယ်။ ယောကျ်ားလေးတွေကို ဆရာတွေနဲ့အတူ နောက်တစ်ခန်းမှာ ထားပါတယ်။ မုန့်ခြောက်အချို့ကျွေးပြီး ရေတိုက်ထားရပါတယ်"

တပ်မတော် စစ်ကြောင်းက ကျေးရွာသားတွေကို စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စုခိုင်းပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း ကျေးရွာသားတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုအတွင်း ကျေးရွာအတွင်းမှာရှိနေတဲ့ အသက် ၁၈ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ မြောက်ဦးမြို့နယ်အတွင်းမှာ တပ်မတော်က ရဟတ်ယာဉ်သုံးပြီးတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကိစ္စအပြင် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာက အခြေအနေတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဒီနေ့ညနေ ၅ နာရီခွဲအချိန်လောက်အထိ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိကြပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။