တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်၊ ဒေသခံ ၄၀၀ ခန့် ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာ
2019.04.07

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်နဲ့ သရက်ပြင်ကျေးရွာကြားမှာ အစိုးရတပ်မတော်နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့တို့ မနေ့က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်အဖွဲ့ရဲ့ ပြောခွင့်ရသူတွေက RFA ကို ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ရွာရဲ့ အရှေ့မြောက်ဘက် သရက်ပြင်ကျေးရွာအကြား စိုင်ပြင်နဲ့ ရေဆိုးတောင်ကြောတဝိုက်မှာ မနေ့မနက်ပိုင်းကစပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်လိုက်ပြီးနောက်ပိုင်းမှာ တပ်မတော်ဖက်က ထိုးစစ်တွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
တိုက်ပွဲကြောင့် သရက်ပြင်ကျေးရွာက ရွာလုံးကျွတ် ဒေသခံတွေဟာ ဘူးသီးတောင်မြို့ပေါ်ကို ထွက်ပြေးလာကြရလို့ ရန်အောင်မြင်နဲ့ ရွှေကျင်ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးရတယ်လို့ ဘူးသီး တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
"မနက် ၈ နာရီလောက်ကစပြီး ဖြစ်တယ်လို့သိတယ်၊ လက်နက်ကြီးသံတွေကတော့ ညနေစောင်းအထိကို ကြားရတယ်၊ သရက်ပြင်ကလူတွေ ဘူးသီးတောင်မြို့ပေါ်မှာ ခိုလှုံနေပါတယ်၊ မြို့ပေါ်က အရပ်ဖက်အဖွဲ့ အစည်းတွေက ကူညီစောင့်ရှောက်ပေးနေကြတာ၊ လူကယ်ပြန်က တစ်ခါနှစ်ခါလာတယ်၊ ICRC ကလည်း သွားတယ်လို့သိတယ်၊ သရက်ပြင်ကတော့ လူ ၄၀၀ ကျော်လောက်ရှိတယ်၊ သူူတို့ရဲ့ဆွေမျိုးတွေ ရန်အောင်မြင်ကျောင်းနဲ့ ရွှေကျင်ကျောင်းတို့မှာရှိတယ်၊ သြင်္ကန်ကာလ ကိုယ့်ရပ်ရွာပြန်ချင်ကြသလို ပူပြင်းလို့ လူအုပ်နဲ့နေရတာ အဆင်မပြေကြလို့ ကိုယ့်ရပ်ရွာပြန်ချင်ကြတာပေါ့"
အစိုးရတပ်မတော်ဖက်က အင်အားထပ်ဖြည့်ပြီး ထိုးစစ်တွေခပ်စိပ်စိပ်လုပ်လာတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။
AA အနေနဲ့ အကောင်းဆုံးခုခံသွားဖို့ ပြင်ဆင်ထားတယ်လို့ ခိုင်သုခ က အခုလို ပြောပါတယ်။
"ဧပြီလ ၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာရဲ့ အရှေ့ဘက်တောင်တန်းပေါ်မှာ မနက် ၉ နာရီလောက်ကစပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်၊ ဗမာစစ်တပ်ဖက်က နေရာ ၃ ခုကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာရှိတယ်၊ မြေပြင်ကလည်း တစ်နေ့လုံး တောက်လျှောက်ထိုးစစ်ဆင်တယ်၊ ဆိုတော့ တိုက်ပွဲ ကတော့ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တာ၊ ၅ ရက် ၆ ရက်မှာလည်း ဖက်ဝန်းချောင်းရဲ့ အနောက်ဘက် ဖောက်ဖီး တောင်တန်းပေါ်မှာ နေ့လယ် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ တိုက်ပွဲဆက်တိုက်ပြင်းထန်တယ်၊ မြောက်ဦးနဲ့ မင်းပြားအစပ် ကျောင်းတောင်ရွာရဲ့အရှေ့မြောက်ဘက်မှာ ၄ ရက်မြောက်အထိ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်နေတယ်၊ ညမထွက်ရ အမိန့်ထုတ်ပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ ဗမာစစ်တပ်ရဲ့ထိုးစစ်က ခပ်စိပ်စိပ်လုပ်လာတာ တွေ့ရတယ်၊ ဘူးသီးတောင်ဘက်မှာလည်း နောက်ထပ်အင် အားတွေ တိုးလာတာရှိတယ်၊ ကျွန်တော်တို့ ပြည်သူနဲ့ပေါင်းပြီးတော့ အကောင်းဆုံး ခုခံသွားဖို့ရှိတယ်"
တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ လုံခြုံရေးပိုင်းအတွက် လိုအပ်တဲ့နေရာတွေမှာ လုပ်ဆောင်သွားမှာဖြစ်ပြီး AA နဲ့ တိုက်ပွဲဖြစ်ပွားတာတွေကတော့ ရှိနေဦးမှာပဲလို့ ပြောပါတယ်။
"ဖုန်ညိုလိပ်ရွာရဲ့ အရှေ့မြောက်ဘက် စိုင်းပြင်နဲ့ ရေဆိုးတောင်ကြောတလျှောက်မှာ အချိန်ကတော့ မနက် ၉ နာ ရီလောက်မှာစဖြစ်ပြီး မနက် ၁၀ နာရီလောက်ထိဖြစ်တယ်၊ မနက်ပိုင်းကတော့ နည်းနည်းလေး ပစ်တာခတ် တာများတာရှိတယ်၊ ညနေပိုင်းလောက်ထိကတော့ ထိတွေ့မှု အသေးလေးတွေရှိတာပေါ့၊ ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး၊ တစ်နေကုန်နီးပါးဆိုပေမယ့် ဖြစ်တာက မနက်ပိုင်းပါ၊ နည်းနည်းပြင်းပြင်းထန်ထန်ုဖြစ်တာ မနက် ၉ နာရီကနေ ၁၀ နာရီအထိပါ၊ ကျွန်တော်တို့ကတော့ လိုအပ်တဲ့လုံခြုံရေးတော့ ဆောင်ရွက်ကြရမှာပဲပေါ့၊ ထိတွေ့မှုကတော့ ဆက်တိုက်ဖြစ်နေဦးမှာပေါ့"
ရခိုင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၂ သောင်း ၆ ထောင်ကျော်နေပြီလို့ ရခိုင်ပြည်နယ် အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။
နှစ်ဖက်ထိခိုက်ကျဆုံးသူတွေရှိကြတယ်လို့ ပြောဆိုကြပေမယ့် RFA ကတော့ လက်ရှိအချိန်အထိ သီးခြား အတည်ပြုဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။