ရခိုင်မြောက်ပိုင်း တပ်မတော်သင်တန်းကျောင်းကို AA ဝင်တိုက်

နေမျိုးထွန်း
2020.03.23

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ကမ်းနီ အမှတ်(၉) တိုင်းဗဟို စစ်သင်တန်းလေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော် AA က ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်း မင်းပြားမှာရှိတဲ့ တပ်မတော်ရဲ့ အမှတ်(၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော် AA အဖွဲ့က ဒီကနေ့ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်လို့ သုံးနေရာလောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုတချို့ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီကနေ့ မနက် ၆ နာရီလောက်က AA အဖွဲ့ကနေ ကမ်းနီမှာရှိတဲ့ တပ်မတော် လေ့ကျင့်ရေးကျောင်းတစ် ကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ နေရာ သုံးနေရာလောက်ကနေ ဝိုင်းပြီးတိုက်ခိုက်တာပေါ့။ ၁၁ နာရီလောက်မှာ ကျွန်တော်တို့ အခြေအနေအားလုံး ပြန်လည်ထိန်းသိမ်းနိုင်ပြီးဖြစ်တယ်။ ကျွန်တော်တို့ဘက် ကလည်း ထိခိုက်ကျဆုံး အနည်းငယ်ရှိပါတယ်။ AA ဘက်ကလည်း အလောင်းလက်နက် ရရှိလိုက်တာရှိ ပါတယ်”

တပ်မတော်ဘက်ကတော့ ထိခိုက်ကျဆုံးမှု အရေအတွက်ကို တိတိကျကျပြောဆိုခြင်း မရှိပါဘူး။ ရခိုင်နဲ့ ချင်းပြည်နယ် နယ်စပ်ဖြစ်တဲ့ ပလက်ဝမြို့နယ်က မီးဝဗျူဟာကုန်းမှာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေချိန် တပြိုင်နက် တိုင်းဗဟို (၉) နေရာကို တိုက်ခိုက်လာတာဖြစ်ပါတယ်။ AA တိုက်ခိုက်တဲ့ တပ်မတော်သင်တန်း ကျောင်းဟာ စစ်ဗျူဟာအရ အရေးပါတဲ့နေရာ မဟုတ်ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ ကမ်းနီကျေးရွာကနေ ၁၅ မိနစ်ခန့် ကားမောင်းသွားရင် ရောက်တဲ့နေရာဖြစ်ပါတယ်။ တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်လို့ အုတ်ဖိုတောင်ကျေးရွာအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အကြောင်း ရွာသားတွေ ပြောပြလာတာ ရှိတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

“အခုအတည်ပြုလို့ရတာက အဲဒီနားမှာ လေယာဉ်တွေနဲ့လာပြီး ဗုံးကြဲတာတွေရှိတာကြောင့် စစ်ပွဲဖြစ်တယ် ဆိုတာ အတည်ပြုလို့ရတယ်။ အဲဒီအနား အုတ်ဖိုတောင်ကျေးရွာက တစ်ယောက် ဖုန်းဆက်ပြောတာက သူတို့ရွာအနီးအနားကို လက်ကြီးတွေကျတယ်ဆိုပြီး ပြောတယ်။ အုတ်ဖိုတောင်ကျေးရွာကို နောက်ဖုန်းထပ် ဆက်တဲ့အခါ အဆက်အသွယ် မရတော့ဘူး”

တိုင်းဗဟို ၉ ကို AA က ဝင်ရောက်တိုက်ခိုက်တာ မှန်တယ်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခက အတည်ပြုပေးပေမယ့်၊ အသေးစိတ်အချက်အလက် မသိရသေးဘူးလို့ ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ။ တိုက်ပွဲအရှိန်ကလည်း ဆက်တိုက်ပြင်းထန်နေတုန်းပါ။

ရခိုင်မြောက်ပိုင်းက မြို့နယ်အများစုကို အင်တာနက်ဖြတ်တောက်ထားချိန်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ အခုဆိုရင် အင်တာနက်ဖြတ်ထားတာ ကိုးလကျော်လာပြီ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ် အများအပြား လာရောက်တိုက်ခိုက်တာတွေရှိတယ်လို့ REC အတွင်းရေးမှူး ဦးဇော်ထွန်းက ပြောပါတယ်။

“တချို့နေရာတွေမှာ ဂျက်ဖိုက်တာတွေ ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ပြောတာက သုံးစီးလောက်ရှိမယ်လို့ ပြောတယ်။ တစ်စီးပြီးမှ တစ်စီးလာတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ ရဟတ်ယာဉ်တွေလည်း သုံးတယ်။ အခုနောက်ပိုင်းမှာ တချို့နေရာတွေမှာ ခုနှစ်စီး ရှစ်စီးလောက်ကို အုပ်လိုက်ပါလာတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်”

အခုလက်ရှိ မြေပြင်ကရရှိတဲ့ သတင်းအချက်အလက်တွေအရ တိုက်ပွဲတွေ လျော့ကျနိုင်ဖို့မရှိဘဲ ပိုပြင်းထန်လာဖို့ရှိတယ်လို့လည်း ဦးဇော်ထွန်းက သုံးသပ်ပါတယ်။

စစ်ပွဲတွေ အရှိန်မြင့်တက်လာတာနဲ့အမျှ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာနေပါတယ်။ ကျေးရွာတချို့လည်း လက်နက်ကြီး ဒါမှမဟုတ် မီးရှို့ခံရလို့ ပျက်စီးသွားတာတွေရှိပါတယ်။ ရခိုင်မှာ လက်ရှိစစ်ဘေးဒုက္ခသည် အရေအတွက်ဟာ တစ်သိန်းငါးသောင်းကျော်လာနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။