ရခိုင်ပြည်နယ် ကျောက်တော်စျေးကို မြန်မာစစ်တပ်က စက်တင်ဘာ ၂၈ ရက်နေ့က လေကြောင်း ကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူအများအပြားသေဆုံး၊ ဒဏ်ရာရခဲ့ရပြီး ထိခိုက်ပျက်စီးရတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မိကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက အောက်တိုဘာ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း တိုင်ပင်ဆွေးနွေးအဖြေရှာနိုင်ရေး ကူညီဖို့လည်း အသင့်ပါပဲလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်နာ မာရီ ဟာနန်ဒို (Ana Marie Hernand) က ရိုက်တာသတင်းဌာနကို ဖြေကြားတဲ့ စာမှာ ပြောကြားပါတယ်။
“ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေကို အနီးကပ် လေ့လာစောင့်ကြည့်နေပြီး ဒေသခံတွေ အသက်သေဆုံးရတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပျက်စီးဆုံးရှုံးရတာ တွေကို ဖြစ်စေတဲ့ ဒီ တိုက်ခိုက်မှုတွေအပေါ် စိုးရိမ်ပူပန်မိပါတယ်။”
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ မြန်မာ့အရေးအပေါ် ရှုမြင်ပုံမတူတာတွေကို အာဆီယံဥက္ကဋ္ဌ အနေနဲ့ အလေးထားပြီး အဖွဲ့ဝင်တွေရဲ့ ဘုံသဘောထားတွေအခြေခံပြီး မြန်မာ့အရေးကို ချဥ်းကပ်သွား မှာဖြစ်တယ် ကြောင်း၊ မြန်မာတွေက ဦးဆောင်ပြီး မြန်မာတွေကိုယ်တိုင်ပါဝင်တဲ့ အဖြေတစ်ရပ်ပေါ်လာအောင် အာဆီယံ အဖွဲ့ကြီးအတွင်းကနေ ဆွေးနွေးနိုင်ဖို့လည်း ကူညီဖို့ အသင့်ရှိတယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်စျေး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရခိုင်နဲ့ ရိုဟင်ဂျာ ဒေသခံတွေအပါအဝင် အရပ်သား အနည်းဆုံး ၅၀ သေဆုံးခဲ့ရပြီး နောက်ထပ် ၅၀ ကျော် ထိခိုက်ဒဏ်ရာရ ခဲ့ပြီး ဒါဟာ မြန်မာစစ်တပ်ရဲ့ နောက်ထပ် စစ်ရာဇဝတ်မှူ တစ်ခုဖြစ်နိုင်တယ်လို့ Fortify Rights က အောက်တိုဘာ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားထား ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့က လူအစည်ကားဆုံး အိန္ဒိယစျေးကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလေကြောင်းတိုက်ခိုက်မှု အပေါ် ကုလသမဂ္ဂခေါင်းဆောင်တွေအပါအဝင် ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ (APHR) တို့က စက်တင်ဘာ ၃၀ ရက်နေ့က ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
ကျောက်တော်မြို့ ကစ္ဆပနဒီတံတားပေါ်နဲ့ တံတားကနေ ကိုက် ၅၀၀ ခန့်အကွာမှာရှိတဲ့ အိန္ဒိယဈေးကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ဈေးထဲက ကုန်သည်တွေနဲ့ လမ်းသွားလမ်းလာ ဒေသခံတွေ ထိမှန်သေဆုံးခဲ့တာလို့ AA အဖွဲ့ရဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ အနေနဲ့ မြန်မာ့အရေးကို ထဲထဲဝင်ဝင် ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်အပေါ် သဘောထားမပြောင်းဘဲ မြန်မာနိုင်ငံကို ဆက်ဆံခဲ့တဲ့အတွက် စစ်တပ်ခန့် အစိုးရခေါင်းဆောင်တွေက ဝေဖန်ခံခဲ့ရသလို ပြည်တွင်းရေးစွက်ဖက်မှုအဖြစ်လည်း သဘောထားကြေညာချက်တွေ ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီစာ လာဇရို (Theresa Lazaro) ဟာ ဒီနှစ် နောက်ဆုံးလေးလအတွင်း မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဥ်အဖြစ် သွားရောက်ဖို့ ရှိပြီး နေ့ရက်အတိအကျကိုတော့ အခုထိ ထုတ်ဖော်ပြောကြား အတည်ပြုတာ မရှိသေးပါဘူး။
