အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ရဲ့ မြန်မာအပေါ် သဘောထားနဲ့ ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီး အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို လိုအပ်တဲ့ တုံ့ပြန်မှုတွေကို ဖြစ်စဥ်တစ်ခုချင်းအလိုက် တုံ့ပြန်သွားမယ်လို့ စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်းနဲ့ စစ်တပ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဧပြီလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ်နဲ့ အာဏာသိမ်းစစ်ကော်မရှင်အဖွဲ့ ခေါင်းဆောင်အဖြစ်ကနေ စစ်တပ်က ကြီးမှုးကျင်းပတဲ့ ရွေးကောက်ပွဲအပြီး စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်နှစ်ရပ်က သမ္မတအဖြစ် တင်မြှောက်ခံရအပြီး ရက် ၁၀၀ သက်တမ်း အခြေပြ မိန့်ခွန်းကို ပြောကြားရာမှာ ဦးမင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆီယံကို တောင်းဆိုနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်အလက်တွေကို သီးခြားစီ တုံ့ပြန်ပြောဆိုတာ မရှိပေမယ့် “အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ပြီး အမပြုသဘောဆောင်တဲ့ တောင်းဆိုချက်တွေကို လိုအပ်သလို တစ်ခုချင်းအလိုက် (case by case) တုံ့ပြန်သွားမယ့်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ပကတိအခြေအနေတွေကို အခြေခံပြီး အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို စောင့်ထိန်းပြီး မြန်မာဦးဆောင်တဲ့ မြန်မာ့နည်းလမ်းနဲ့ အာဆီယံဆက်ဆံရေးတိုးတက်အောင်လုပ်သွားမယ်” လို့ပြောခဲ့ပါတယ်။
ဒီလိုပြောကြားတာဟာ ဘုံသဘောတူညီချက်ဟာ ၅ ရပ်ဟာ လက်ရှိပကတိအခြေအနေနဲ့ မကိုက်ညီတော့ ဘူးဆိုတဲ့ လွှတ်တော်အဆိုနဲ့ တစ်ထပ်ထဲကျနေသလို အာဆီယံပဋိဥာဥ်ပါ တစ်ခြားနိုင်ငံ ပြည်တွင်းရေးဝင်ရောက် မစွက်ဖက်ရမူဝါဒနဲ့ အစွက်အဖက်မခံဘဲ ကိုယ်တိုင်ဦးဆောင်ဖြေရှင်းမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဒီသဘောထားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း စစ်တပ်ခန့်အစိုးရနိုင်ငံခြားရေးဌာနက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာ “ဘုံသဘောတူညီချက်မထုတ်ပြန်ခင် မူကြမ်းကို စစ်ခေါင်းဆောင်ကို မပြခဲ့တဲ့အတွက် သူ့ဆန္ဒသဘောထား မပါတဲ့အတွက် ဘုံသဘောတူညီချက်မဟုတ်ပါဘူးကြောင်း၊ ဒါပေမယ့် အာဆီယံပဋိညာဥ်၊ အာဆီယံနည်းလမ်း အာဆီယံစိတ်ဓာတ်တွေ အခြေခံထားရင် အပြုသဘောစဥ်းစားသွားမယ်”လို့ ဖော်ပြထားပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ထရီစာ လာဇရို (Theresa Lazaro) က ဒီနှစ် နောက်ဆုံး လေးလပတ်မှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာခရီးစဥ် အဖြစ် သွားရောက်ဖို့ ရှိတယ်လို့ ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင်တွေ အာဆီယံထိပ်သီးညီလာခံ ပြန်တက် ရောက်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်လို့လည်း မစ္စလာဇရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟာ တခြား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့က စစ်တပ်ခန့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ခုနဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် NUG နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
