ကျောက်တော်စျေး ဗုံးကြဲတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်နိုင်

ရခိုင်ပြည်နယ်တိုက်ပွဲတွေပြင်းထန်လာချိန် အရပ်သား စျေးနဲ့လူနေရပ်ကွက်တွေကို တိုက်ခိုက်မှုတွေကြောင့် ကလေးတွေအပါအဝင် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရဟုဆို။

အရပ်သားအများအပြားနဲ့ အရောင်းအဝယ် စည်စည်ကားကားရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်စျေးကို မြန်မာစစ်အာဏာပိုင်တွေက စက်တင်ဘာ ၂၈ ရက်နေ့က လေကြောင်း ကနေ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ တာဟာ စစ်ရာဇဝတ်မြောက်နိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့ တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က အောက်တိုဘာ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရခိုင်နဲ့ ရိုဟင်ဂျာ ဒေသခံတွေအပါအဝင် အရပ်သား အနည်းဆုံး ၅၀ သေဆုံးခဲ့ရပြီး နောက်ထပ် ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဒါဟာ မြန်မာစစ်တပ်ရဲ့ နောက်ထပ် စစ်ရာဇဝတ်မှူ တစ်ခုဖြစ်နိုင်တယ်လို့ Fortify Rights က ပြောခွင့်ရသူ ကိုလင်းထက်က ကြေညာချက်မှာ ပြောကြားပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့က လူအစည်ကားဆုံး အိန္ဒိယစျေးကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလေကြောင်းတိုက်ခိုက်မှု အပေါ် ကုလသမဂ္ဂခေါင်းဆောင်တွေအပါအဝင် ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ (APHR) တို့က စက်တင်ဘာ ၃၀ ရက်နေ့က ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

ကျောက်တော်မြို့ ကစ္ဆပနဒီတံတားပေါ်နဲ့ တံတားကနေ ကိုက် ၅၀၀ ခန့်အကွာမှာရှိတဲ့ အိန္ဒိယဈေးကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ဈေးထဲက ကုန်သည်တွေနဲ့ လမ်းသွားလမ်းလာ ဒေသခံတွေ ထိမှန်သေဆုံးခဲ့တာလို့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယဈေးဟာ ပဲ၊ ငါးခြောက်၊ ငရုတ်သီး စတဲ့ ကုန်ခြောက်တွေနဲ့ စက်သုံးဆီကို အဓိက ရောင်းဝယ်တဲ့ ဈေးကြီးတစ်ခုဖြစ်ပြီး ကုန်သည်နဲ့ ဈေးဝယ်သူတွေ စည်ကားနေတဲ့အချိန်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။

မြန်မာလေတပ် တိုက်လေယာဥ်ဟာ အဲဒီတစ်ရက်ထဲမှာပဲ ကျောက်တော်မြို့အပြင် AA ထိန်းချုပ်ထားတဲ့ မင်းပြား၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ၊ ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအရ အသာစီးရခဲ့တဲ့ AA အဖွဲ့နဲ့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း နေ့စဥ် တိုက်ပွဲတွေဖြစ်နေပြီး မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ရှိပေမယ့် အခု တစ်ကြိမ်ဟာ ဒုတိယမြောက် အကြီးမားဆုံး အရပ်သားသေဆုံးရတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက်ကုသနေတဲ့ လူနာတွေအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၅ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့ ရမ်းချောင်းအနီးမှာရှိတဲ့ AA စစ်သုံ့ပန်းအချုပ်ခန်းကို မြန်မာစစ်တပ် တိုက်လေယာဥ်က သုံးကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ၂၈ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။