မြောက်ဦးက AA ရဲ့ အချုပ်စခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းနှစ်ဆယ်ကျော် သေဆုံး
2025.01.19

Updated 5:41 PM Jan 19, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရမ်းချောင်းအနီးမှာရှိတဲ့ စစ်သုံ့ပန်းတွေထားရှိတဲ့ အချုပ်စခန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၂၈ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂၅ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒဏ်ရာပြင်းထန်သူတွေရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးထိခိုက်သူတွေဟာ တိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဖြစ်ပြီး မကြာခင်မှာ ပြန်လွှတ်ပေးဖို့ စီစဉ်ထားတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့ မြောက်ဘက်မှာရှိတဲ့ ကျောက်ဆည်ပြင်ရွာအနီးက အချုပ်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဖြစ်စဉ်အခြေအနေသိရှိတဲ့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက RFA ကို ပြောပါတယ်။
“ရမ်းချောင်းဘက်ကို ကြဲသွားတယ်၊ မနေ့ညပိုင်းမှာ ကြဲသွားတာ။ အရပ်သားတွေ ထိခိုက်တာတော့ မရှိဘူး။ စစ်သုံ့ပန်းတွေ ထိတာ။ ကလေးတွေလည်း ပါတယ်။ အရေအတွက်ကတော့ ကျွန်တော်တို့ တိတိကျကျ မသိရသေးဘူး။ ဆယ်နဲ့ချီပြီး သေဆုံးတယ်လို့တော့ သိထားရပါတယ်”
ရမ်းချောင်ယာယီအချုပ်စခန်းဟာ ရခိုင်ပြည်နယ်အတွင်းက မြို့သိမ်းတိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA) ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင် ရာနဲ့ချီကို ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတိကျကိုသိရဖို့ အာရက္ခတပ်တော် (AA) ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကလည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းက AA ရဲ့ အကျဉ်းစခန်းနဲ့ ဆေးရုံနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ငါးဆယ်ကျော် သေဆုံးခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ကျောက်နီမော်ရွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ငါးဆယ်ကျော် သေဆုံးခဲ့ပြီး နေအိမ် ငါးရာဝန်းကျင် ပျက်စီးခဲ့ပါတယ်။
(မှတ်ချက်- ဤသတင်းတွင် အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်ကို ဖြည့်စွက်ထားပါသည်။)