ကျောက်တော်စျေးဗုံးကြဲတိုက်ခိုက်မှုအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြင်းထန်စွာ ရှုတ်ချ

ဗုံးကြဲတိုက်ခိုက်ရာမှာ တာဝန်ရှိသူ စစ်အာဏာပိုင်တွေကို အရေးယူဖို့ ကုလ၊ အီးယူ၊ ဗြိတိန်နဲ့ နိုင်ငံတကာအစိုးရများတောင်းဆို။

ကျောက်တော်မြို့က လူစည်ကားရာ စျေးကို စက်တင်ဘာ ၂၈ ရက်နေ့က မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ ၅၀ သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တဲ့သတင်းတွေ ကြားသိရတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ အထိတ်တလန့်ဖြစ်ရပြီး ဒီတိုက်ခိုက်မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပြောခွင့်ရသူ စတီဖန်ဒူဂျာရစ် က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို တာဝန်ယူအရေးယူဖို့လည်း တောင်းဆိုလိုက်ပါတယ်။

“အတွင်းရေးမှူးချုပ်က ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူတာဝန်ခံစေဖို့ တောင်းဆိုထားပါတယ်”

ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူစည်ကားတဲ့ဈေးကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကုလသမဂ္ဂအပြင် ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ရှုတ်ချပြီး အရပ်သားတွေကို အကာအကွယ် ပေးဖို့နဲ့ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။

ကျောက်တော်စျေးဗုံးကြဲတိုက်ခိုက်မှုအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ
ကျောက်တော်စျေးဗုံးကြဲတိုက်ခိုက်မှုအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးရှိ စျေး ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရစဉ်။ (AA Info Desk)

တစ်ဆက်တည်းမှာပဲ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက အကူအညီလိုအပ်နေသူတွေဆီ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်အောင် ဘေးကင်းလုံခြုံပြီး အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာသူတွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်မယ့် အခြေအနေ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

တချိန်ထဲမှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာ တာ့ခ်(Volker Türk) က ဒီတိုက်ခိုက်မှုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာခဲ့သလားဆိုတဲ့ အလွန်စိုးရိမ်စရာ မေးခွန်းတွေ ဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာတောင် အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ခွဲခြားဖို့၊ အရပ်သားထိခိုက်တာ မရှိအောင်နဲ့ အရပ်သားထိခိုက်တာ လျော့နည်းအောင် ကြိုတင်ကာကွယ်ဖို့ လက်နက်ကိုင်အဖွဲ့ အားလုံးမှာ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။

အီးယူ-ဥရောပသမဂ္ဂကလည်း စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြီး ကျောက်တော်ဈေးကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကို ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့၊ သေဆုံး၊ ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စာနာကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ ဗြိတိန်အစိုးရကလည်း ကျောက်တော်မြို့က ဈေးတစ်ခုကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူအများအပြား သေဆုံးခဲ့ရတဲ့အပေါ် အလွန်စိုးရိမ်တုန်လှုပ်မိကြောင်း ပြောပြီး ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။

ကျောက်တော်စျေးဗုံးကြဲတိုက်ခိုက်မှုအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ
ကျောက်တော်စျေးဗုံးကြဲတိုက်ခိုက်မှုအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးရှိ စျေး ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရစဉ်။ (AA Info Desk)

ဗြိတိန်ရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ဘာရိုနက်စ် ဝင်းတာတန် (Baroness Winterton) ကလည်း အရပ်သားအများအပြား သေဆုံးခဲ့ရတဲ့ ဒီတိုက်ခိုက်မှုသတင်းကြောင့် အလွန်တုန်လှုပ်မိကြောင်း၊ အရပ်သားတွေအပေါ် တိုက်ခိုက်တာကို လုံးဝလက်မခံနိုင်ကြောင်း ထုတ်ပြန်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကျောက်တော်စျေး ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ကလည်း ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်ကို တာဝန်ခံစေဖို့နဲ့ ဒီလိုစစ်ရေး အကြမ်းဖက်နေတာတွေအပေါ် ပြစ်ဒဏ်တွေကနေ ကင်းလွတ်နေတာ အဆုံးသတ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဆီ လက်နက်၊ လေယာဉ်ဆီနဲ့ စစ်ဘက်ရော အရပ်ဘက်မှာပါ အသုံးပြုနိုင်တဲ့ပစ္စည်းတွေ မရောက်အောင် နိုင်ငံတကာအစိုးရတွေက တားဆီးဖို့နဲ့ ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှုနဲ့ ဆေးဘက်ဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ ရောက်နိုင်အောင် လုပ်ပေးဖို့လည်း APHR က တိုက်တွန်းထားပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ အရပ်သားသေဆုံးမှု အများဆုံး လေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဝယ်နေသူတွေ၊ လုပ်သားတွေအပါအဝင် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၅၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်ပြီး အဲဒီဈေးမှာ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူနဲ့ ဒိုင်းနက်အ ပါအဝင် လူမျိုးပေါင်းစုံ ရောင်းဝယ်နေကြတာလို့ ဆိုပါတယ်။

မြန်မာစစ်အာဏာပိုင်တွေဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး စက်တင်ဘာ ၃၀ ရက်နေ့အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားတာ မတွေ့ရသေးပါဘူး။