လူသားချင်းစာနာမှုဆိုင်ရာခရီးစဥ်အဖြစ် မြန်မာကို အာဆီယံအထူးကိုယ်စားလှယ်သွားမည်

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရမည်ဆိုရင် အာဆီယအဖွဲ့အတွက် အထူးအရေးပါတဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ဟုဆို။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ထရီစာ လာဇရို (Theresa Lazaro) ဟာ ဒီနှစ် နောက်ဆုံး လေးလပတ်မှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာခရီးစဥ် အဖြစ် သွားရောက်ဖို့ ရှိတယ်လို့ ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။ နှစ်ရက်ကြာကျင်းပတဲ့ ၁၀ ကြိမ်မြောက် အာဆီယံမီဒီယာဖိုရမ် (ASEAN Media Forum) မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ခရီးစဥ်ကို ရန်ကုန်ဖိလစ်ပိုင်သံရုံးက စီစဥ်နေပြီး အသေးစိတ်ကို မသိရသေးဘူးလို့လည်း ပြောပါတယ်။ လောလောဆယ် ဘယ်နေရာဒေသက ကူညီကယ်ဆယရေးတွေ ပိုလိုအပ်နေသလဲဆိုတာကို စိစစ်နေပြီး သြဂုတ်လကုန်မှာ ဘယ်နေရာတွေမှာ ကူညီထောက်ပံ့မလဲဆိုတာ သိနိုင်မယ်ထင်ကြောင်း၊ ဒီခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရင် အာဆီယံအဖွဲ့ကြီးအတွက် အထူးအရေးပါတဲ့ တိုးတက်ပြောင်းလဲမှု ဖြစ်မယ်ထင်ကြောင်းလည်း သူကပြောပါတယ်။

ဒီပွဲမှာ တက်ရောက် လာတဲ့ အရှေ့တောင်အာရှဒေသက သတင်းထောက်တွေနဲ့ ဆွေးနွေးခဲ့ပြီး အခုနှစ် အာဆီယံသက်တမ်းမှာ ကမ္ဘာ့ပထဝီနိုင်ငံရေးအရ အပြောင်းအလဲ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး ဒီအထဲမှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပြဿနာ၊ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲနဲ့ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ၊ တောင်တရုတ်ပင်လယ်ပင် အငြင်းပွားမှု ဖြေရှင်းရေးနဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ် ပဋိပက္ခလည်းပါဝင်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ ၂၃ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့တဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုဝင်ဘာ ထိပ်သီးညီလာခံမှာ တစ်စုံတစ်ရာ ဆုံးဖြတ်နိုင်အောင် တာဝန်ယူဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေး၊ ဒီလိုဖော်ဆောင်တာကို တိိုးတက်မှုရှိမရှိ စံထားသတ်မှတ်ပြီး စောင့်ကြည်ရေးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင်တွေ အာဆီယံထိပ်သီးညီလာခံ ပြန်တက်ရောက်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟာ တခြား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့က စစ်တပ်ခန့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ခုနဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် NUG နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။