အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ကြေညာချက် ထုတ်ပြန်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအရ ဖမ်းဆီး ချုပ်နှောင်ထားသူအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုချက်ဟာ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ စစ်တပ်ခန့် အစိုးရက သြဂုတ်လ ၈ ရက်နေ့က ကြေညာချက်ထုတ်ပြန် စွပ်စွဲလိုက်ပြီး အာဆီယံ့အထူးကိုယ်စားလှယ်ခန့်အပ်ရေးနဲ့ အခန်းကဏ္ဍလည်း မလိုအပ်တော့ကြောင်းလည်း တုံ့ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သဘောထား အပေါ် စစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်တဲ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံက ထိန်းသိမ်းခံထားရသူတွေကို တွေ့ဆုံခွင့် ပိုပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာပါ။
အဲဒီတောင်းဆိုချက်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်နဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူတွေအပေါ် သက်ရောက်မှုရှိတယ်လို့ စစ်တပ်ခန့်အစိုးရက တုံ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးနေပေမဲ့ ခြွင်းချက်မရှိ အပြည့်အဝ လွှတ်ပေးရေးဟာ တရားဥပဒေနဲ့အညီသာ ဖြစ်နိုင်မယ်လို့လည်း ဆိုပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ တောင်းဆိုချက်ဟာ ရွေးကောက်ပွဲမသမာမှု၊ အဂတိ လိုက်စားမှုနဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိိုတာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးကို ထိပါးခြင်းဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲက တစ်ဆင့် ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့က တာဝန်ယူနေတာဖြစ်လို့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနဲ့ သူ့ရဲ့ အခန်းကဏ္ဍမှာ ဆက်မလိုအပ်တော့ကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဆက်ဆက်နဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့သလို လက်ရှိ အာဆီယံအထူးကိုယ်စားလှယ်နဲ့လည်း ဆက်လက်ပူးပေါင်းမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို ကိစ္စရပ်တစ်ခုချင်းစီအလိုက် တုံ့ပြန်သွားမှာဖြစ်သလို အာဆီယံနဲ့ ဆက်ဆံရေးတိုးတက်ဖို့ မြန်မာက ဦးဆောင်တဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့သာ ဆောင်ရွက်မယ်လို့ စစ်တပ်ခန့်အစိုးရက ပြောပါတယ်။
အခုထုတ်ပြန်ချက်ထဲမှာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍ မလိုအပ်တော့ဘူးလို့ စစ်တပ်ခန့်အစိုးရ ဘက်က အတိအလင်း ပြောလိုက်တာဟာ အာဆီယံက တောင်းဆိုနေတဲ့ ဘုံသဘောတူညီချက်ငါးရပ် (5PC) အကောင်အထည်ဖော်ရေးအပေါ်လည်း သက်ရောက်မှုရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အာဆီယံထဲမှာ စစ်တပ်ခန့်အစိုးရရဲ့ 5PC အပေါ် လိုက်နာအကောင်အထည်ဖော်မှုတွေကို စောင့်ကြည့်နေ တယ်။ အခုကာလမှာ တိုးတက်မှု အပါ်မူတည်ပြီး ချိန်ညှိထားတဲ့ဆက်ဆံရေးကို ကျင့်သုံးနေတာရှိတယ်။ အခု စစ်တပ်ခန့်အစိုးရက 5PC ရော၊ အဲဒီထဲမှာပါတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍရော မလိုအပ် တော့ဘူးလို့ အတိအလင်းဆိုလိုက်တဲ့အခါ အာဆီယံဖက်ကလည်း ဆက်လက်စောင့်ကြည့်စရာမလိုဘဲ မူလအတိုင်းသာ ပြန်ရောက်သွားတယ်။ ဒီအတွက် အာဆီယံအနေနဲ့ ဘယ်လိုဆက်လက်ပြီး ဘယ်လိုနည်းလမ်းနဲ့ ထိတွေ့မလဲဆိုတာ အရေးတကြီး လိုလာတယ်လို့ မြင်တယ်။ နောက်တစ်ချက်က 5PC process ထဲက အကြမ်းဖက်မှုရပ်တာ၊ ဖမ်းထားသူတွေ ပြန်လွှတ်တာ၊ တွေ့ဆုံဆွေးနွေးရေးလမ်းကို သွားဖို့ဆိုတဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ ကိစ္စကလည်း မရေရာတော့တဲ့ အခြေအနေ ဖြစ်သွားတယ်လို့ မြင်တယ်”
မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ အဲဒီကနေ ပေါ်ပေါက်လာတဲ့ အစိုးရကို တရားဝင်အသိအမှတ်မပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ တုံ့ပြန်ချက်ဟာ ခေါင်းဆောင်ဖြစ်သူ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်အပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူ့ရဲ့ ထိုင်းခရီးစဥ်မှာလည်း “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တည်ငြိမ်အေးချမ်း ရေးကို ကြိုးပမ်းနေပြီး အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးပြန်ရဖို့လည်းကြိုးစားနေကြောင်း၊ ဒါပေမယ့် အာဆီယံ အဖွဲ့က တောင်းဆိုနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ၄င်း၏ အစိုးရအဖွဲ့က လက်မခံပါဘူး”လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
