တရုတ် -မြန်မာနယ်စပ် ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ လဂွေကျေးရွာက စာသင်ကျောင်းအနီး ယမ်းသိုလှောင်ရုံတစ်ခု အောက်တိုဘာလ ၂ ရက်နေ့လယ်မှာ ပေါက်ကွဲခဲ့ပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တရုတ်လုပ်ငန်းရှင်တစ်ဦးက သတ္တုတူးဖော်ရေးလုပ်ကွက်တွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းတွေ ပေါက်ကွဲသွားတာလို့ အမည်မဖော်လိုတဲ့ လဂွေရွာခံတစ်ဦးက ပြောပါတယ်။
“သတ္တုလုပ်ကွက်မှာ တောင်တွေကိုဖြိုဖို့အတွက် အဲဒီယမ်းတွေကို သုံးတာ။ ပေါက်ကွဲမှုဖြစ်တော့ အဲဒီ ယမ်းသိုလှောင်ရုံပိုင်ရှင် တရုတ်လူမျိုးလည်း သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေထဲက ငါးဦးကတော့ ဒဏ်ရာပြင်းထန်လို့ တရုတ်ဘက်မှာ ဆေးကုသမှုခံယူနေရတယ်”
သေဆုံး၊ ဒဏ်ရာရသူအများစုက ယမ်းသိုလှောင်ရုံမှာ အလုပ်လုပ်သူတွေနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုအတွင်း ယမ်းသိုလှောင်ရုံပိုင်ရှင် အသက် ၄၀ အရွယ် တရုတ်လူမျိုး ကျန်းဟန်လွေ ၊ ယမ်းသိုလှောင်ရုံမှာ အလုပ်လုပ်တဲ့ အသက် ၂၄ နှစ်အရွယ် မလဂွေ ယိန်းချော်၊ အသက် ၂၇ နှစ်အရွယ် မလဂွေ ကျန်းလုတ်မျှော် နဲ့ နောက်ထပ် နာမည် အတည်မပြုနိုင်သေးတဲ့ ဒေသခံ လေးဦး သေဆုံးခဲ့ပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ အသက် ၂၂ နှစ်အရွယ် မလုတ်ယုံ ၊ အသက် ၂၇ နှစ်အရွယ် ကိုဝင်းထွန်း ၊ အသက် ၂၈ နှစ်အရွယ် မယိန်းတိန့်ဆွမ့်၊ အသက် ၃၀ အရွယ် ကိုယော်လုတ် နဲ့ အသက် ၅၈ နှစ်အရွယ် ဦးလဂွေခေါ်ဇုံးတို့ ငါးဦးကို နယ်နမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ထိန်ချုံးမြို့က ဆေးရုံတစ်ခုမှာ ဆေးကုသပေးနေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
အသက် ၂၂ နှစ်အရွယ် မနော်လီ၊ အသက် ၂၃ နှစ်အရွယ် မပန်ထွယ်၊ အသက် ၂၅ နှစ်အရွယ် အာရှာ၊ အသက် ၂၇ နှစ်အရွယ် မလဖိုင်ဂျာမိုင်၊ အသက် ၃၀ အရွယ် မဂျာဆန်မိုင် နဲ့ အသက် ၄၅ နှစ်အရွယ် မဖြူတို့ ခြောက်ဦးက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ဖရဲရွာပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီယမ်းသိုလှောင်ရုံဟာ KIA ရဲ့ လက်နက်ခဲယမ်းသိုလှောင်တဲ့နေရာဖြစ်တယ်လို့ စွပ်စွဲရေးသားကြပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က အောက်တိုဘာလ ၃ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ကချင်ပြည်နယ်အခြေစိုက် ဒေသတွင်းသတင်းဌာနတချို့မှာတော့ ဒီယမ်းသိုလှောင်ရုံဟာ ကွင်းရှီ့အမည်ရှိတဲ့ တရုတ်ကုမ္ပဏီကပိုင်တာဖြစ်ပြီး အဲဒီကုမ္ပဏီက ကျောက်ဖြူ တူးဖော်ရေးလုပ်ငန်းတွေလုပ်ရာမှာ ဒီယမ်းတွေကို အသုံးပြုတာလို့ ဗိုလ်မှူးကြီး နော်ဘူက ဖြေဆိုထားပါတယ်။ ပေါက်ကွဲမှုအတွင်း တရုတ်လုပ်ငန်းရှင်အပါအဝင် ခုနစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရတယ်လို့လည်း သူက အတည်ပြုထားပါတယ်။
ဒေသခံတွေကတော့ ပန်ဝါမြို့ အနီးတဝိုက်မှာ ကျောက်ဖြူ စမ်းသပ်တူးဖော်ရေးလုပ်ကွက်တွေ ရှိပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။
ဒီယမ်းသိုလှောင်ရုံဟာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအတွက်အသုံးပြုတာလား၊ ကျောက်ဖြူတူးဖော်ရေးလုပ်ငန်းမှာအသုံးပြုတာလားဆိုတာ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
KIA ထိန်းချုပ်ထားတဲ့ အဲဒီဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ရှိနေတာကြောင့် ယမ်းသိုလှောင်ရုံဘေးက လဂွေရွာမူလတန်းအဆင့် စာသင်ကျောင်းကိုပိတ်ထားတာဖြစ်လို့ အထိအခိုက်နည်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်အနီးက ကချင်အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့ကို ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်ညက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
