မြောက်ဦးတိုက်ပွဲကြောင့် အရပ်သား ခုနှစ်ဦးသေဆုံး

နေမျိုးထွန်း
2020.03.01

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေချေရွာအနီး မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် မွတ်စလင် ငါးယောက် အပါအဝင် ဒေသခံ ခုနှစ်ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်။

မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၂၉ ရက် မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲကြောင့် လက်နက်ကြီးကျည် ထိမှန်လို့ သေဆုံးသူတွေရှိသလို ကြောက်လန့်ပြီး သေဆုံးသွားသူတွေ ရှိတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က RFA ကို ပြောပါတယ်။

”လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျလို့သေတဲ့ ဘင်္ဂါလီက ငါးဦးပေါ့နော်၊ ပစ်ခတ်သံတွေနဲ့ အိမ်မီးလောင် ကြောက်လန့်ပြီး သေတာ အဘွားကြီးတစ်ဦးရယ် အဖိုးကြီးတစ်ဦးရယ်ဆိုတော့ အကုန်လုံး ခုနှစ်ယောက်ပေါ့။ ဘင်္ဂါလီက ကိုးဦးဒဏ်ရာရတယ်၊ ရခိုင်က သုံးဦးဆိုတော့ ဒဏ်ရာရတာ ၁၂ ယောက်ပေါ့”

မနေ့က မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အစပ် မြောင်းဘွေချေကျေးရွာအနီးမှာ တပ်မတော်ရဲ့ ကား ၁၈ စီးပါ စစ်ကားတန်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဒဏ်ရာရရှိတဲ့ အရေးပေါ်လူနာတစ်ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က စစ်တွေမြို့ကို ခေါ်ဆောင်သွားပြီး ဒဏ်ရာသိပ်မပြင်းထန်တဲ့ လူနာတွေကတော့ မြောင်းဘွေချေ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတာတွေအပြင် ရွာသား ၁၀ ယောက်ကျော် ပျောက်ဆုံးနေတယ်လို့ ပြောတာက ဘူးတစ်လုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာညွန့် ပါ။

”မွတ်စလင်က ခုနှစ်ယောက်ပါ၊ ရခိုင်က ကိုးယောက်ပါ၊  အမျိုးသမီးတွေ ပြောဆိုချက်အရတော့ သူတို့ကို ဖမ်းပြီး စစ်တပ်က ကားပေါ်တင်သွားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

အဲဒီဒေသခံ ၁၀ ယောက်ကျော်ဟာ ဖမ်းဆီးခံရတာလား၊ ဘာကြောင့် ပျောက်ဆုံးနေတာလဲဆိုတာ အတိအကျ မသိရပါဘူး။

တပ်မတော်ကတော့ ဖမ်းဆီးစစ်ဆေးနေသူတွေ ရှိပါတယ်။ မိုင်းဆွဲတိုက်ခိုက်သူတွေနဲ့ ပစ်ခတ်သူတွေဟာ အရပ်ဝတ်တွေနဲ့ဖြစ်လို့ အနီးအနားမှာရှိတဲ့ မသင်္ကာသူတွေကို စစ်ဆေးနေတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

”မြောင်းဘွေဘက်မှာ ကျွန်တော်တို့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိတယ်။ AA ဘက်ကတော့ အင်အား ၅၀ လောက်ရှိပါတယ်။ မိုင်းဆွဲတိုက်ခိုက် ပစ်ခတ်ခဲ့တာကြောင့် ကျွန်တော်တို့ဘက်က ပြန်လည်ပစ်ခတ်ရတာ တွေရှိတယ်။ မိုက်ဆွဲတိုက်ခိုက်တဲ့သူတွေနဲ့ ပစ်ခတ်တဲ့သူတွေကလည်း အရပ်ဝတ်တွေနဲ့ပဲ။ အဲဒီမှာ ကျွန်တော်တို့ အလောင်း နှစ်လောင်းရရှိခဲ့တာရှိတယ်။ အဲဒီအနီးတဝိုက်မှာ ဖမ်းမိတဲ့ မသင်္ကာဖွယ်သူတွေကို ကျွန်တော်တို့ စစ်ဆေးနေတာရှိပါတယ်။ ကျွန်တော်တို့ဘက်က ဒဏ်ရာရတဲ့သူတွေရှိတယ်။ ယာဉ်နှစ်စင်း အနည်းငယ်ပျက်စီးသွားတာရှိပါတယ်”

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ ရွာတွေထဲ ပစ်ခတ်တာ၊ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေဟာ တပ်မတော်ဘက်က သူတို့ထိခိုက်ကျဆုံးရင် လုပ်နေကျ လုပ်ရပ်တွေပဲလို့ ပြောပါတယ်။

”မြန်မာစစ်တပ်ကတော့ သူတို့လုပ်နေကျအတိုင်းပေါ့နော်။ သူတို့ဘက်က အထိအခိုက်အကျအဆုံးတွေ များပြီဆိုတာနဲ့ လူမျိုးရေးအရ အငြှိုးအတေးတွေအပေါ် အခြေခံပြီး အရပ်သားတွေနေတဲ့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာတော့ ဒါ သူတို့ အမြဲတမ်းလုပ်လာတဲ့ အလုပ်ဖြစ်တယ်။ သူတို့ဘက်က အထိအခိုက်အကျအဆုံး များပြီဆိုရင် ရွာသားတွေကို မရားဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်တာတွေရှိတယ်။ အခုလည်း အဲဒီအတိုင်း သူတို့ဘက်က လုပ်တာဖြစ်တယ်ဗျ”

ဖေဖော်ဝါရီလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ သုံးရက်အတွင်း ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ် လေးခုမှာ အရပ်သား သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ကိုးဦး ရှိခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ဇန်နဝါရီမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်း ခြောက်ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်မှု မရှိအောင် အစိုးရက အလေးထားဆောင်ရွက်ပေးဖို့ အဆိုတင်သွင်းခဲ့ပေမယ့်လည်း တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ သေဆုံးသူတွေလည်း ရှိနေတုန်းပါပဲ။

ဒီနေ့မနက်မှာတော့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တဖက်သတ် အပစ်အခတ်ရပ်ဆိုင်းတာကို မတ်လ ၁ ရက်နေ့က ၂၅ ရက်အထိ သက်တမ်းတိုးလိုက်ပါတယ်။

ပြည်တွင်းစစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းဖို့၊ အပစ်ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေး ပွဲတွေပြုလုပ်နိုင်ဖို့နဲ့ လက်ရှိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စုပေါင်းကျော်ဖြတ်နိုင်ဖို့ဆိုပြီး သက်တမ်းတိုး လိုက်တာလို့ ဖော်ပြထားပါတယ်။

မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့တွေက အပစ်ရပ်စဲကြောင်း ကြေညာတာဟာ လေးကြိမ်မြောက်ဖြစ်ပေမယ့် ရခိုင်ပြည်နယ်မှာတော့ တပ်မတော်နဲ့ AA ကြား နေ့စဉ်တိုက်ပွဲဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။