မြန်မာနိုင်ငံမှာ စစ်ဘေးပဋိပက္ခကြောင့် အိုးအိမ်စွန့် စစ်ရှောင်နေရသူ လေးသန်းနီးပါးရှိလာ

လူ ၁၆ သန်းကျော် အသက်ကယ်အကူအညီတွေလိုနေပြီး ကလေး ၅ သန်းပါဝင်ဟုဆို။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃.၇ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

ဇွန်လ ၈ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ UNDP၊ UNFPA နဲ့ UNOPS အုပ်ချုပ်မှုဘုတ်အဖွဲ့ (Executive Board) နှစ်ပတ်လည်အစည်းအဝေးမှာ UNFPA နဲ့ UN-Women ပေါင်းစည်းဖွဲ့စည်းနိုင်ရေး ဆွေးနွေးစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်း စာနာမှု အကူအညီတွေကို ပိတ်ဆို့တားဆီးမှုတွေကြောင့် လူပေါင်း ၁၆.၂ သန်းဟာ အသက်ကယ်အကူအညီတွေ အရေးပေါ် လိုအပ်နေပြီး အဲဒီအထဲမှာ ကလေးငယ် ၅ သန်း ပါဝင်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် လူပေါင်း ၁၂ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး ဒီအခြေအနေဟာ ၂၀၂၆ ခုနှစ်အထိ ဆက်ပြီးဆိုးရွားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ အရပ်သားနေထိုင်ရာ ဒေသတွေကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွား နေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ အကြမ်းဖက်မှုဒဏ်ကို အများဆုံး ခံစားနေရပြီး ကျားမအခြေပြု အကြမ်းဖက်မှုတွေ မြင့်တက်လာသလို လိင်နဲ့မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိဖို့လည်း ပိုမိုခက်ခဲလာနေကြောင်း၊ ဒါကြောင့် UNFPA နဲ့ UN-Women တို့က ပေးနေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီနဲ့ အကာအကွယ်ပေးရေး အစီအစဉ်တွေဟာ အကူအညီ လိုအပ်နေသူတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အသက်သွေးကြောတွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ကုလသမဂ္ဂဖြစ်စေ တခြားအဖွဲ့အစည်းတွေပဲ ဖြစ်စေ တကယ်လိုအပ်နေသူတွေဆီရောက်အောင် ပေးနိုင်ဖို့က အရေးကြီးတယ်လို့ RFA ကို မှတ်ချက်ပေးပါတယ်။

“မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ပဋိပက္ခဒဏ်ကို အများဆုံး ခံစားနေရတဲ့ အုပ်စုဖြစ်တာကြောင့် UNFPA နဲ့ UN Women တို့ရဲ့ အကူအညီအစီအစဉ်တွေ ဆက်လက်ခိုင်မာနေဖို့ လိုအပ်တယ်၊ အဲဒီနေရာမှာအရေးကြီးတာက မရှိမဖြစ်လိုအပ်နေတဲ့အကူညီတွေကို မရောက် ရောက်အောင် ပို့ဆောင်ပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်“

UNFPA ဟာ မိခင်နဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကဏ္ဍတွေကို ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့ဖြစ်ပြီး၊ UN Women ကတော့ အမျိုးသမီးအခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့ ဖြစ်ပါတယ်။