ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲက မအီမြို့ရဲစခန်းမှူး ရဲအုပ် ၀င်းထွန်းနိုင်ကို နိုဝင်ဘာလ ၄ ရက်မနေ့ မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားတယ်လို့ မအီမြို့ခံတွေက RFA ကို ပြောပါတယ်။
မအီမြို့က ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ်ရာ စံတွေးရွာ ဘုန်းတော်ကြီး ကျောင်းမှာ ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မအီမြို့ခံတစ်ဦးက နိုဝင်ဘာလ ၅ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။
“ကထိန်လှည့်ပြီးတော့ ဘုန်းကြီးကျောင်းထဲမှာရှိနေတုန်း ဖမ်းဆီးခံရတာ။ လူလေး၊ ငါးယောက်လောက်က ဝိုင်းဆွဲပြီး ခေါ်သွားတာ။ ဖမ်းတဲ့သူတွေက နားခေါင်းစည်း (Mask) တွေ တပ်ထားတယ်။ ကျနော်တို့လည်း ခပ်ဝေးဝေးကပဲ တွေ့လိုက်တာဆိုတော့ ဘာ့ကြောင့်ဖမ်းတယ်ဆိုတာတော့ မသိဘူး”
အဲဒီစခန်းမှူးကို AA က ဖမ်းဆီးသွားတာလို့ မအီမြို့ခံတွေက ပြောကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို AA ဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကလည်း မအီမြို့နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင် နေတဲ့ ရဲတပ်ကြပ် ထွန်းရွှေမောင်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပါတယ်။