ပုဏ္ဏားကျွန်းမှာ တပ်မတော်စစ်ကြောင်းကို AA တိုက်ခိုက်၊ အရပ်သား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
2020.06.02
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီးမှာ ဒီနေ့ ၁၁ နာရီကျော်အချိန်က တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေအဖွဲ့က မိုင်းနှစ်လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။
တပ်မတော်စစ်ကြောင်း ထိခိုက်မှုနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးပေမယ့် မိုင်းခွဲတိုက်ခိုက်ချိန်အတွင်း အနီးကဖြတ်သွားတဲ့ အရပ်သား ဆိုင်ကယ်တစ်စီးကို ထိခိုက်သွားတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို စတင်နိုင်ဖို့ဆိုပြီး နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲဖို့ တပ်မတော်ကိုကမ်းလှမ်းတဲ့ ကြေငြာချက်တစ်စောင်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်အပြီး နောက်တစ်နေ့မှာ အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးကို ပုဏ္ဏားကျွန်းမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင်က RFA ကိုပြောပါတယ်။
“သူတို့နှစ်ဦးက နှစ်ဘီးဆိုင်ကယ်နဲ့ သွားကြတာလို့ ပြောတယ်။ နှစ်ဘီးဆိုင်ကယ်မောင်းသူက ပုဏ္ဏားကျွန်း မြို့ပေါ်ကပဲ။ သူ့နာမည်က ဝင်းနိုင်စိုးပါ။ သူ့မှာတော့ လည်ပင်းမှာတစ်ချက် ရှပ်ထိသွားတာပေါ့။ နောက်တစ် ချက်ကတော့ လက်မောင်းမှာထိသွားတယ်လို့ ပြောတယ်။ လက်မောင်းထဲ ဖောက်ဝင်သွားတယ်ပေါ့။ ဆိုင်ကယ်ကယ်ရီနောက်က လိုက်လာတဲ့သူကတော့ နားတောင်းကျရွာကလို့ ပြောပါတယ်။ သူကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ နောက်စေ့မှာထိပြီးတော့ ဆုံးသွားတာ။ အခုသူတို့နှစ်ဦးစလုံး ပုဏ္ဏားကျွန်း ဆေးရုံမှာ”
သေဆုံးသူဟာ ပုဏားကျွန်းမြို့နယ် နားတောင်းကျကျေးရွာက အသက် ၃၅ နှစ်အရွယ် ဦးဇော်မင်းဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူက ပုဏ္ဏားကျွန်းမြို့ပေါ်မှာ နေထိုင်တဲ့ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုဝင်းနိုင်စိုးဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ကယ်ရီနဲ့ လမ်းမတိုင်း ထွက်လာရာမှာ မိုင်းခွဲတိုက်ခိုက်တာနဲ့ကြုံရလို့ ထိခိုက်သေဆုံးတာလို့ မြို့ခံတွေကပြောကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာအနီးက ဆိုင်ခန်းတွေကို ပိတ်ထားလိုက်ရတယ်လို့ပြောပါတယ်။
“မြို့ထဲကနေ မိုင်းနှစ်လုံး ပေါက်ကွဲတာကိုကြားရတယ်။ ကျွန်တော်နည်းနည်း စုံစမ်းကြည့်လိုက်တော့ ပုဏ္ဏားကျွန်းမြို့အဝင် ရေဖြူကန်တံတားရဲ့ထိပ်မှာလို့ ကြားမိတယ် အဲဒီဗုံးပေါက်ကွဲတာလေ။ ကျွန်တော် ကြားရသလောက် တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတာလို့ကြားတယ်။ လက်ရှိအခြေအနေကတော့ ပုဏ္ဏားကျွန်းမြို့က အဲဒီမိုင်းပေါက်ကွဲတဲ့နေရာနားမှာ ဆိုင်တွေရှိတယ်။ အဲဒီဆိုင်တွေကိုပိတ်ပြီးတော့ မြို့ထဲဘက်ကို ဝင်လာကြတာတို့ ဘာတို့တော့ ကြားမိတယ်”
မိုင်းခွဲတိုက်ခိုက်တဲ့နေရာဟာ မြို့အဝင်နေရာမှာဖြစ်ပြီ လူနေအဆောက်အဦးတွေ၊ ဆိုင်တွေနဲ့နီးပါတယ်။
မြို့ခံတစ်ဦးဖြစ်တဲ့ ကိုသိန်းဝဏ္ဏကတော့ လူနေရပ်ကွက်၊ ကျေးရွာတွေနဲ့အနီးဆုံး နေရာတွေအနီးမှာ တိုက်ခိုက်တာမဖြစ်စေချင်ဘူးလို့ ပြောပါတယ်။
“ဒါတွေက ငြိမ်းချမ်းယူနိုင်အောင် ဆွေးနွေးပြီးတော့ မြို့နဲ့အနီးနားတွေမှာ မဖြစ်စေချင်ဘူး ကျွန်တော်တို့က။ မြို့လို့မဟုတ်ဘူး နယ်တွေမှာလည်း မဖြစ်စေချင်တော့ဘူး။ အဲဒါကြောင့်မို့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေး ယူလိုက်ပါ။ ကျွန်တော်တို့လိုချင်တာ အဲဒါပါပဲ”
ဒီနေ့ တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ မနက် ၁၁ နာရီကျော်မှာ ပုဏ္ဏားကျွန်းအဝင် ပင်းချောင်းတံတားအနီး ပြည်ထောင်စုလမ်းမပေါ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်း ကို အေအေက မိုင်း နှစ်လုံးခွဲ တိုက်ခိုက်ခဲ့တာရှိကြောင်း၊ ဒီတိုက်ခိုက်မှုကြောင့် တပ်မတော်သားတချို့ ထိခိုက် ဒဏ်ရာရခဲ့တာရှိကြောင်း RFA ကို အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် အခုလိုမိုင်းဆွဲတိုက်ခိုက်တာတွေကြောင့် တုံ့ပြန်ပစ်ခတ်ရင် တပ်မတော်ကိုသာ အပြစ်ပုံချလေ့ရှိကြောင်း၊ အခုလိုတိုက်ခိုက်မှုတွေကြောင့် မနေ့က ထုတ်ပြန်တဲ့ အပစ်ခတ်ရပ်စွဲရေး ကမ်းလှမ်းချက်ဟာ ယုံကြည့်ဖွယ်ရာမရှိကြောင်း၊ အကြမ်းဖက်အဖွဲ့ပီပီ ပြည်သူလူထုကို အကာကွယ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လုပ်မှာသာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒီကိစ္စတွေအပါအဝင် အရပ်သားတွေနဲ့ အနီးဆုံးနေရာတွေမှာ တိုက်ခိုက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီသတင်းရေးသားနေချိန်အထိ AA ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ အကြား တိုက်ခိုက်မှုတွေဟာ ဒီနေ့အထိရှိနေသလို အရပ်သား ထိခိုက်သေဆုံးမှုတွေကလည်း နေ့စဉ်နဲ့အမျှ ရှိနေဆဲပါ။
RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ဒီနေ့ ဇွန်လ ၂ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ပေါင်းက ၅၆၀ အထိ ရှိပါတယ်။