စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာက စစ်ဘေးတိမ်းရှောင်နေသူတွေ ရွာထဲ ပစ္စည်းပြန်ယူဖို့ ဝင်လာချိန် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးပြီး နောက်ထပ် ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ် တစ်နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အသက် နှစ်နှစ်ခွဲနဲ့ ရှစ်နှစ်အရွယ် ကလေးနှစ်ဦးအပြင် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာတော့ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား လေးဦး ပါဝင်တယ်လို့ ဆိုပါတယ်။
တံတားဦးလေတပ်ကနေ တက်လာတဲ့ A-5 အမျိုးအစား ဂျက်တိုက်လေယာဉ်က အင်းလယ်ကြီးရွာကို ဦးတည်ပြီး သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကန့်ဘလူ ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။
“လက်ရှိ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံး သုံးကြိမ်ကြဲတာ။ ပထမအကြိမ်မှာ သားအမိနှစ်ယောက် ဆုံးသွားတာ။ ဒုတိယအကြိမ်ကြဲတဲ့ဗုံးကတော့ အခုထိ မပေါက်ကွဲသေးဘူး။ တတိယအကြိမ် ကြဲတဲ့အခါမှာလည်း နောက်ထပ် ကလေးငယ်နဲ့ အမျိုးသမီးတစ်ယောက် ဆုံးသွားတာ။ ဒဏ်ရာရသူတွေလည်း များတယ်”
ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က စစ်ရေးလှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေကြတာဖြစ်ပြီး၊ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ရွာထဲ ပစ္စည်းပြန်ယူဖို့ ဝင်လာချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး ရွာထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးလည်း ကျန်နေသေးတာကြောင့် ဒေသခံတွေ ရွာထဲ ပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စက်တင်ဘာ ၂၈ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အပြင် ရခိုင်ပြည်နယ်က ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနဲ့ သံတွဲမြို့နယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ အဲဒီအထဲက ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာတော့ အနည်းဆုံး လူ ၅၀ သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်နေသူတွေက ပြောထားပါတယ်။
