တနင်္သာရီရေဘေး သေဆုံးသူ ၃၂ ဦးရှိလာ၊ ပျောက်ဆုံးသူတွေကို အရေးပေါ်ကယ်ဆယ်ဖို့လိုနေ

စက်ယန္တရားနဲ့ စက်သုံးဆီမလုံလောက်တာတွေကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ ခက်ခဲနေ။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ မိုးများပြီး တောင်ပြိုတာနဲ့ ရေကြီးရေလျှံတာတွေကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့အထိ သေဆုံးသူ ၃၂ ဦးရှိလာပြီး အနည်းဆုံး ၂၄ ဦး ပျောက်ဆုံးနေတာကြောင့် အရေးပေါ်ရှာဖွေဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြေပြိုပြီး ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်တင်နိုင်တဲ့အခြေအနေ ရှိနေသေးတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ ပိုလုပ်နိုင်ဖို့ လိုအပ်တယ်လို့ လောင်းလုံးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိုင် ၅၀ လောက်ရှိတဲ့ တောင်ကျောမှာ တောက်လျှောက် မြေတွေပြိုတော့ တောင်ခြေရင်းက ရွာတွေက မြေပြိုတဲ့ဒဏ်ခံရတာ။ မြေပြိုတဲ့အထဲမှာ ပိတ်မိနေတဲ့သူတွေလည်း ဒီနေ့အထိ အများကြီးရှိသေးတယ်။ အဲဒီအတွက်ကြောင့် သူတို့ကို ကယ်ထုတ်ဖို့ အရေးပေါ်အကူအညီတွေ လိုနေတာပေါ့နော်။ အိမ်တွေလည်း ပိသွားတော့ အဲဒီအတွက်ပါ အရေးပေါ်အကူအညီတွေ လိုနေတာ”

ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ရဲ့ စာရင်းတွေအရ သေဆုံးသူတွေဟာ လောင်းလုံးမြို့နယ်က ၂၂ ဦး၊ သရက်ချောင်းမြို့နယ်က ရှစ်ဦးနဲ့ ထားဝယ်မြို့နယ်က နှစ်ဦး ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေး၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ အမျိုးသားတွေအပြင် သံဃာတစ်ပါးနဲ့ သီလရှင်တစ်ပါးလည်း ပါဝင်ပါတယ်။

တနင်္သာရီရေဘေး သေဆုံးသူ ၃၂ ဦးရှိလာ၊ ပျောက်ဆုံးသူတွေကို အရေးပေါ်ကယ်ဆယ်ဖို့လိုနေ
တနင်္သာရီရေဘေး သေဆုံးသူ ၃၂ ဦးရှိလာ၊ ပျောက်ဆုံးသူတွေကို အရေးပေါ်ကယ်ဆယ်ဖို့လိုနေ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ရေကြီး၊ တောင်ပြိုမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက စက်တင်ဘာ ၂၉ ရက်နေ့တွင် သယ်ထုတ်နေစဉ်။ (ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့-ထားဝယ်)

တောင်တွေ ပြိုလို့ လမ်းတွေပိတ်နေတာ၊ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတာ၊ စက်ယန္တရားနဲ့ စက်သုံးဆီမလုံလောက်တာတွေကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် သဘာဝဘေးသင့်တဲ့ ဧရိယာ ကျယ်ပြန့်ပြီး နေရာအတော်များများမှာ တစ်ပြိုင်နက် ထိခိုက်နေတာကြောင့် လက်ရှိ ကူညီကယ်ဆယ်ရေးအင်အားနဲ့ မနိုင်မနင်းဖြစ်နေပြီး တခြားတိုင်းနဲ့ ပြည်နယ်တွေက ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီပေးကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက စက်တင်ဘာလ ၂၉ ရက်နေ့မှာ တောင်းဆိုထားပါတယ်။

ကူညီကယ်ဆယ်ရေးအတွက် စက်ယန္တရားနဲ့ စက်သုံးဆီအပြင် သောက်သုံးရေလည်း လိုအပ်နေတယ်လို့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စက်သုံးဆီလိုတယ်။ ရေကျော်သွားတဲ့နေရာတွေမှာ ရေလိုအပ်တယ်။ သောက်သုံးရေပေါ့။ ကျွန်တော်တို့ဆီမှာ ရေတွင်းနဲ့ပဲ သုံးကြတော့ တောင်ပြိုတော့ ရေတွင်းတွေထဲ အကုန်ဝင်ပြီး ရေတွေနီသွားတာပေါ့။ သုံးလို့မရဖြစ်နေတယ်”

ထားဝယ်အမျိုးသားအဖွဲ့ချုပ်(TNF) စာရင်းတွေအရ တောင်ပြိုတာနဲ့ ရေကြီးရေလျှံတာတွေကြောင့် လောင်းလုံးမြို့နယ်က ၃၇ ရွာ၊ သရက်ချောင်းမြို့နယ်က ၂၂ ရွာနဲ့ ထားဝယ်မြို့နယ်က ငါးရွာအပါအဝင် အနည်းဆုံး ကျေးရွာ ၆၄ ရွာ ရေဖုံးလွှမ်းနေပါတယ်။

ဒါ့အပြင် နေအိမ်အဆောက်အုံ ၃၃၀ ကျော်၊ တံတား ၁၀ စင်း၊ ငါးဖမ်းလှေ အစီး ၅၀ ခန့်နဲ့ လယ်ယာမြေဧကပေါင်း ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ခန့်အစိုးရရဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် သတင်းစာတွေမှာတော့ တနင်္သာရီတိုင်းအတွင်း ရေကြီးမှုကြောင့် အိမ်ထောင်စု ၃,၃၉၇ စုက လူဦးရေ နှစ်သောင်းနီးပါး (၁၈,၇၁၂ ဦး) ရေဘေးဒုက္ခကြုံ နေရတယ်လို့ ဖော်ပြထားပါတယ်။ လောင်းလုံးမြို့နယ်မှာ လူထိခိုက်မှုတွေရှိတယ်လို့ဖော်ပြပေမဲ့ သေဆုံးထိခိုက်တဲ့ အခြေအနေကို တိတိကျကျ မဖော်ပြထားပါဘူး။

စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းကစပြီး မိုးနည်းကာ၊ နေရာတချို့မှာ ရေပြန်ကျလာပေမဲ့ မြေပြိုနိုင်တဲ့အန္တရာယ် ဆက်ရှိနေသေးတာကြောင့် တောင်ခြေ၊ တောင်စောင်းနဲ့ မြေပြိုခဲ့တဲ့နေရာတွေမှာ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေ အထူးသတိထားဖို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က သတိပေးထားပါတယ်။