တောင်ကုတ်မှာ စစ်ကောင်စီရေယာဉ်ကို AA တိုက်ခိုက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တင်ဆောင်လာတဲ့ စစ်ရေယာဉ်တစ်စီးကို စက်တင်ဘာလ ၁၆ ရက် ဒီနေ့ မွန်းလွဲတစ်နာရီလောက်က ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တောင်ကုတ်မြို့ရဲ့ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာ ရွှေလင်းယုန်ဆိပ်ကမ်းအနီးမှာ ပစ်ခတ်တိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အရင်ဆုံး လက်နက်ကြီးသံတစ်ချက် ကြားရတယ်။ ပြီးတော့ လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော တစ်နာရီလောက်ဖြစ်ခဲ့တယ်။ စစ်ကောင်စီတပ်သားတွေ၊ ရိက္ခာတွေကို ရွှေလင်းယုန်ဆိပ်ကမ်းကနေ တင်လာတာ။ သူတို့အထွက်မှာ AA က ကြားဖြတ်တိုက်တာပေါ့။ ရွှေလင်းယုန်ဆိပ်နဲ့ဆို မိုင်ဝက်လောက်ပဲ ဝေးတယ်"
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ရက္ခိုင့်တပ်တော် (AA) ကပါ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးသလို ထိခိုက်မှုအခြေအနေကိုလည်း မသိရသေးပါဘူး။
အခုလက်ရှိမှာတော့ လက်နက်သံတွေ တိတ်ဆိတ်သွားပေမယ့် စစ်ကောင်စီတပ်သားတွေ သွားလာနေတာ တွေ့ရတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။
ရွှေလင်းယုန်ဆိပ်ကမ်းဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်နေတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။
မနေ့ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ မီးတိုက်ကျေးရွာက နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာလို့ လက်ရှိကျေးရွာမှာ နေထိုင်နေတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"မနေ့က တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်ခဲ့တယ်။ ကျနော်တို့လည်း ဝပ်နေရတယ်။ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေ အများကြီးကြားရတယ်။ AA က သိမ်းပိုက်ခဲ့တာတော့ မဟုတ်ဘူး။ လာတိုက်ခဲ့တာ။ အခု စခန်းထဲမှာတော့ စစ်သားတွေ ရှိနေသေးတယ်။ ရွာသားတချို့လည်း ထွက်ပြေးနေကြတယ်။ ကျနော်တို့ ကတော့ ရွာမှာပဲရှိနေသေးတယ်"
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ မောင်တောမြို့နယ်၊ မြောက်ပိုင်းမှာ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်လာခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် မောင်တောမှာ ဒေသခံ ၈၀၀ ကျော် မောင်တောမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
အခု တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရသေ့တောင်၊ မောင်တော၊ မြောက်ဦး စတဲ့ မြို့နယ်တွေ မှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သောင်းကျော်အထိ ရှိနေပါတယ်။