ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေယာဉ် ငါးစင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ၊ တစ်ပတ်အတွင်း နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၁၃ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်မှာ သုံးစင်းနဲ့ မင်းပြားမြို့နယ်မှာ နှစ်စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် စစ်ရေယာဉ် လေးစင်းကိုလည်း ရေချလို့မရတဲ့အထိ ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းပြားမြို့နယ် ပုလဲပေါက်ရွာနားမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တစ်စင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က သက်ပုန်းရွာနားမှာ တစ်စင်း နစ်မြုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေကလည်း ကျောက်တော်မြို့နယ် အပေါက်ဝရွာနားမှာ စစ်ကောင်စီ ကမ်းထိုးဇက်ရေယာဉ် သုံးစင်းကို ရေနစ်မြုပ်အောင် တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး ကျောက်တော် စတဲ့မြို့တွေကို ရက္ခိုင့်တပ်တော် (AA) ကသိမ်းပိုက်ထားပြီး လက်ရှိမှာတော့ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။