ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာလ ၁၀ ရက် ဒီနေ့မနက် အစောပိုင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မောင်တောနယ်မြေ (၄) စစ်ကောင်စီတပ်စခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးတစ်လုံးဟာ မနက် ၄ နာရီအချိန်မှာ လိပ်ရ(ကုရ်ဟာလီ) ရိုဟင်ဂျာကျေးရွာထဲကိုကျရောက်ပြီး အသက် ၃၇ နှစ်အရွယ် ဆီရာဇော်ဒိန် ပွဲချင်းပြီးသေဆုံးသွားခဲ့တာလို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Arakan Express News မှာဖော်ပြထားပါတယ်။
လိပ်ရ စစ်ကောင်စီနယ်ခြားစောင့်စခန်းကို မနက်အစောပိုင်း ၂ နာရီလောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ည ၂ နာရီလောက်ကတည်းက ပစ်သံတွေ အများကြီးကြားရတယ်။ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရောပဲ။ မနက်မိုးလင်းအထိ ကြားတယ်။ AA က လိပ်ရစခန်းကို ဝင်တိုက်တာပါ။ အဲဒီစခန်းက စခန်းကြီးတော့ မဟုတ်ဘူး။ စခန်းမှူးတစ်ယောက်နဲ့ တပ်သားတချို့ကိုလည်း AA က ဖမ်းသွားတယ်တဲ့။ ထိခိုက်ကျဆုံး အသေးစိတ်ကိုတော့ ကျနော်တို့ မသိဘူး”
အခုလက်ရှိမှာ အဲဒီအနီးအနားက တောင်တန်းတွေကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကလည်း အဲဒီ လိပ်ရစစ်ကောင်စီခန်းကို AA ကသိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေကို အတည်ပြု ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းက စစ်ကောင်စီတပ် ခမရ (၃၅၂) စခန်းကုန်းနဲ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးက နယ်ခြားစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
လိပ်ရနယ်ခြားစောင့်စခန်း သိမ်းတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီသတင်းနဲ့ ပတ်သက်လို့ AA က ကြေညာချက်ထုတ်ပြန်လာတာမှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၄ နာရီကစတင်ပြီး တစ်နာရီကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး AA ဘက်က တစ်ဦးကျဆုံးခဲ့ကြောင်းနဲ့ စစ်သုံ့ပန်း သုံးဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူတချို့ရှိတယ်လို့ ဆိုပေမယ့် အရေအတွက်ကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြတာမရှိပါဘူး။
မောင်တောမြို့နယ်၊ လိပ်ရစခန်းဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ နေထိုင်ကြတဲ့စခန်းဖြစ်ပြီး လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိတဲ့ စခန်းဖြစ်တယ်လို့ AA ဘက်ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ နေ့ကစလို့ မောင်တောမြို့နယ် မြောက်ပိုင်းကနေ တစ်ကျော့ပြန်တိုက်ပွဲ စတင်လာခဲ့တာပါ။
လက်ရှိမှာတော့ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ တောင်ကုတ်စတဲ့မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အထိ တိုက်ပွဲကျယ်ပြန့်လာနေပါတယ်။
AA ကတော့ ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ အောက်တိုဘာ ပထမအပတ်အတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် အကြိမ် ၂၀ ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
AA က ထုတ်ပြန်တဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးစာရင်းနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။