စစ်ကောင်စီရဲ့ တပ်စခန်းကုန်းကို AA သိမ်းပိုက်

2022.09.10
စစ်ကောင်စီရဲ့ တပ်စခန်းကုန်းကို AA သိမ်းပိုက် ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည့် စစ်ကောင်စီ၏ စခန်းကုန်းတည်နေရာပြမြေပုံ။
Photo - AA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ လောင်းဒုံရွာ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၅၂) စခန်းကုန်းကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စခန်းကုန်းသိမ်းတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိခဲ့သလို၊ စစ်ကောင်စီတပ်သားတချို့ကိုလည်း သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ AA ဘက်ကပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးအရေအတွက်နဲ့ AA ဘက်က သေဆုံးတာရှိမရှိကိုတော့ မဖော်ပြပါဘူး။ ပြည်တွင်းသတင်းဖြစ်တဲ့ ခေတ်သစ်သတင်းဌာနကတော့ မြန်မာစစ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦးကို AA ဘက်က အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် အမှတ် ၄၀ အနီးက စစ်ကောင်စီတပ်စခန်းကို AA ဘက်က သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးပြီး တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ AA က ပြောထားပါတယ်။

မိုင်တိုင် အမှတ် ၄၀ စခန်း အသိမ်းခံရပြီးနောက် စစ်ကောင်စီဟာ အဲဒီဒေသမှာ လက်နက်ကြီးတွေတင်မက လေကြောင်းကနေ ရဟတ်ယာဉ်တွေ ဂျက်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ရခိုင့်တပ်တော် AA သိမ်းထားတဲ့ မိုင်တိုင် ၄ဝ စခန်းကို ပြန်ရဖို့ စစ်ကောင်စီဘက်က ကြိုးစားတိုက်နေတုန်းမှာ AA ဘက်က နောက်ထပ်စခန်းကုန်းတစ်ခုကို သိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိသလို RFA ကလည်း စစ်ကောင်စီပြောခွင့်ရကို မေးလို့ မရသေးပါဘူး။

စစ်တပ်ထောက်ခံတဲ့သူတွေဘက်ကတော့ အဲ့ဒီဒေသမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိနေကြောင်း အွန်လိုင်းမှာ ပြောဆိုနေပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး AA ကို ပြန်တိုက်တဲ့ အခါမှာ လက်နက်ကြီး ကျည်ဆန်တချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်နိမိတ်ထဲကို ကျရောက်ခဲ့တဲ့အတွက် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က သုံးကြိမ်တိတိ ခေါ်ယူသတိပေးထားပါတယ်။

အဲဒီမောင်တောမြို့နယ်တစ်ဝိုက်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာ နှစ်လနီးပါးရှိပါပြီ။

တိုက်ပွဲကြောင့် မောင်တောမြို့နယ် မြောက်ပိုင်း ရွာပေါင်း ၁၄ ရွာက ဒေသခံ ခြောက်ရာကျော် မြို့ပေါ် ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ RFA ကိုပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။