KIA နဲ့ AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၄၁ ယောက်ကို စစ်ကောင်စီပြန်လွှတ်

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က တပ်ဖွဲ့ဝင် စုစုပေါင်း ၄၁ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ကြေညာပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှု့တဲ့အနေနဲ့ လွှတ်ပေးတာလို့ စစ်ကောင်စီက ပြောပါတယ်။

KIA၊ AAနဲ့ KNUတို့ဟာ အခုလတ်တလော စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲမှာ KIA နှစ်ပတ်လည်ပွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီကို တုံ့ပြန်မယ်လို့ ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြင်းပြင်းထန်ထန် သတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်။

RCSS/SSA အဖွဲ့ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေရှိနေပါတယ်။

ဒီနေ့လွှတ်ပေးလိုက်တဲ့အထဲမှာ KIA က တပ်ဖွဲ့ဝင် ၁၇ ယောက်၊ AA က ၁၇ ယောက်နဲ့၊ RCSS/SSA က ငါးယောက်၊ KNU က ၂ ယောက် ပါပါတယ်။

ဒီတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်ကောင်စီက အခုပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကို မူလချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကနေ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာမဟုတ်ဘဲ၊ နောက်တစ်ကြိမ်ဖမ်းဆီးခံရရင် ကျန်နေသေးတဲ့ထောင်ဒဏ်တွေကို ဆက်ပြီးကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာတာနဲ့ ပတ်သက်လို့ KIA နဲ့ AA တို့ကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။