စစ်ကောင်စီကို ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ AA ပြော

RFA Burmese
2023.12.25
စစ်ကောင်စီကို ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ AA ပြော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Arakan Army

[Update: 9:00 PM, Dec 26, 2023]

ရခိုင်လူမျိုးတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ် (စကခ-၉) လက်အောက်ခံ မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၄ဝ၊ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်းတွေနဲ့ အမှတ် ၃၁ ရဲတပ်ရင်းတွေကနေ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က မြောက်ဦးရှေးဟောင်းသုတေသနပြတိုက် ထိမှန်ပျက်စီးခဲ့ရတယ်လို့ AA က ပြောပါတယ်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်အောင် ကြိုးပမ်းနေတာကို သိပါရက်နဲ့ အခုလို တိုက်ခိုက်တာကြောင့် သမိုင်းဝင်အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း သုံးကျောင်းအပါအဝင် သာသနိက အဆောက်အအုံတွေပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင် သမိုင်းဝင်အမွေအနှစ်တွေကို အခုလို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) အနေနဲ့ လုပ်သင့် လုပ်ထိုက်တာတွေကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုတာပါ။

AA အဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေမှာ သတင်းထုတ်ပြန်ရာမှာတော့ ရက္ခိုင့်တပ်တော် (AA) က မြောက်ဦးမြို့က ရဲစခန်းနှစ်ခုကို ဒီဇင်ဘာ ၂၄ ရက်နေ့ညပိုင်းမှာ ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ မြို့ထဲက လူနေအဆောက်အဦနဲ့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွေ ထိခိုက်ပျက်စီးခဲ့တာလို့ ပြောထားပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်စောပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ၏ တုံ့ပြန်ထုတ်ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။